ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးကျန်ရှိသည့် ဒုံးတပ်ရင်း ဒတရ ၆၀၆ ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကတိုက်ခိုက် သိမ်းပိုက်ပြီး နောင်ချိုမြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၉ ရက်နေ့ ညပိုင်းတွင် နောင်ချိုမြို့ ဒုံးတပ်ရင်းမှ ဗျူဟာမှူးအပါအဝင် တပ်ရင်းမှူးနှင့် စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး ထိခိုက်ဒဏ်ရာများစွာဖြင့် စွန့်ခွာ ထွက်ပြေး သွားပြီးနောက် TNLA က စခန်းကို သိမ်းပိုက်လိုက်ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

“ကျန်နေတဲ့ ၆၀၆ ကို ညသန်းခေါင်လောက်က သိမ်းပြီးတာ။ နောင်ချိုရပြီပေါ့။ စခန်းကိုစွန့်ပြီး ထွက် ပြေးကြတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

၆၀၆ ဒုံးတပ်ရင်းကို စွန့်ခွာထွက်ပြေးသွားသူများတွင် နေပြည်တော်မှ စစ်ကူလွှတ်ထားသည့် ခမရ -၃၀၂ တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က နောင်‌ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ- ၁၁၄ နှင့် ခမရ -၁၁၅ တို့ကို TNLA ကသိမ်းပိုက်နိုင်ခဲ့ပြီး ၆၀၆ ဒုံးတပ်ရင်းတစ်ခု ကျန်ရှိနေရာ အဆိုပါတပ်ရင်းရရှိရေးအတွက် TNLA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ကြောင်း သိရ သည်။

စစ်ကောင်စီဘက်ကလည်း အဆိုပါတပ်ရင်းမကျစေရေးအတွက် လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲချတိုက်ခိုက်ခဲ့သလို ဓာတုအဆိပ်ငွေ့ဗုံးများပါ အသုံးပြုခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းဒုံးတပ်ရင်းသည် နောင်ချို-ကျောက်ဂူ-ရပ်စောက် သွားလမ်းပေါ်တွင်တည်ရှိပြီး စစ်ကောင်စီ၏ အခြားစစ်စခန်းနှင့် စစ်ဗျူဟာတို့ကို ထိန်းချုပ်ပေးနေသည့် အရေးပါသည့် တပ်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-TNLA(ပုံဟောင်း)
#ရှမ်းမြောက် #နောင်ချို #စစ်ကောင်စီ #ဒုံးတပ်ရင်း #၆၀၆ #TNLA #သိမ်းပိုက် #Ayeyarwaddy_Times