ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့တွင် စစ်မှုထမ်းဆောင်ရန်အသက်ပြည့်သည့် လူငယ်များအားလုံးကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ငွေများတောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

ကွင်းကောက်မြို့၊ နွားခြံအုပ်စုရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြားရှိ လူငယ်အားလုံးကို ကျပ်ငွေ နှစ်သောင်းငါးထောင် တောင်းယူနေသည်ဟု သိရသည်။

“စစ်မှုထမ်းအတွက် လူငှားထည့်ပေးရမယ်ဆိုပြီးပြောတယ်။ အမှန်က သူတို့ငွေရဘို့အတွက် ခေါင်းစဥ်တပ်ပြီး ပိုက်ဆံကို အတင်းအဓမ္မလိုက်ကောက်နေတာပါ” ဟု နွားခြံအုပ်စုမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နွားခြံအုပ်စုရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမှာ ဦးဝင်းအောင်ဖြစ်ပြီး စစ်မှုထမ်းလူစားထိုးရမည်ဟုအကြောင်းပြကာ ထိုငွေများကိုတောင်းယူနေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ​

အလားတူ ဘိုကလေးမြို့နယ်၊ အောက်လှဲဆိပ်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်သူများကို တစ်အိမ်ထောင်ကို တစ်လလျှင် နှစ်သောင်း ကျပ်အား ဇူလိုင်လကုန်နောက်ဆုံးထားကာ ပေးသွင်းရမည်ဟုဆိုကာ အဓမ္မတောင်းယူသည်ဟု ဒေသခံများကပြောသည်။

ထို့ပြင် ငရုတ်ကောင်းမြို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က စစ်မှုအငှားထမ်းဆောင်ရမည့်သူများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ စက်လှေစက်ပစ္စည်းရှိသည့်နေအိမ်များကို ငါးသောင်းကျပ်၊ စစ်မှုထမ်းရန် ဆောင်ရန် အမည်စာရင်းပါရှိသည့်နေအိမ်များကို နှစ်သောင်းကျပ်၊ အခြေခံ လက်လုပ်လက်စားသမားများ၏ နေအိမ်များကို တစ်သောင်းခွဲကျပ် ဟူ၍ အသီးသီးသတ်မှတ်ကောက်ခံကြောင်း ဒေသခံများထံကသိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် ( ၃ )တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ အများစုကို စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေ ဍကြောင်း စုံစမ်းသိရှိရသည်။

ယခု စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၁ သင်တန်းဆင်းများ

#အင်္ဂပူ #စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေမှူးက #စစ်မှုထမ်းဆောင်ရန် #အသက်ပြည့်မှီ #လူငယ်များအားလုံး #ငွေ၂၅၀၀၀တောင်း #Ayeyarwaddy_Times