ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

ချင်တွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်း တိုင်းအတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက် နှင့် ကလေးဝမြို့အတွင်းရှိ ကျေးရွာနှင့်ရပ်ကွက်များ ရေနစ်မြုပ် နေကြောင်း သိရသည်။

အဆိုပါရေနစ်မြုပ်နေသည့် ကျေးရွာများမှ ဒေသခံများက ရေနစ်မြုပ်နေသည်မှာ ယနေ့ ဇူလိုင် ၁၀ ရက်နေ့တွင် တစ်ပတ်ဝန်းကျင်ရှိနေပြီး အကူအညီများလို အပ်နေကြောင်း ဆိုသည်။

“ကျွန်တော်တို့ ရွာတစ်ရွာလုံး ရေအောက်ရောက်နေတာ တစ်ပတ်ရှိပြီ။ မိသားစုတွေနဲ့လည်း အဆက် အသွယ်ပြတ်နေတယ်။ ဖုန်းတာဝါတိုင်တွေလည်း ရေလယ် ရောက်ကုန်လို့ ဆက်သွယ်ရေးတွေလည်း ပြတ်ကုန်တယ်။ အခြေခံဆေးဝါးနဲ့ စားစရာတွေ ကူညီပေးစေ ချင်ပါတယ် ” ဟု ခန္တီးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့ ဇူလိုင် ၁၀ ရက်နေ့တွင် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တို့တွင် စိုးရိမ်ရေမှတ်ထက် ၆ ပေကျော် ရောက်ရှိနေပြီး ဖောင်းပြင်နှင့် မော်လိုက်တွင် စိုးရိမ်ရေမှတ်အထက် ၉ ပေနှင့် ကလေးဝတွင် စိုးရိမ်ရေ မှတ်အထက် ၇ ပေကျော်အထိ မြင့်တက်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ထုတ်ပြန်ထားသည်။

ခန္တီးတွင် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ၂ ပေခန့်ကျဆင်းနိုင်ပြီး ဟုမ္မလင်းမြို့တွင် တစ်ပေ၊ ဖောင်းပြင်တွင် ၃ လက်မခန့် မြစ်ရေကျဆင်း နိုင်ပြီး မော်လိုက်၊ ကလေးဝ၊ မင်းကင်းနှင့် မုံရွာတို့တွင် စိုးရိမ်ရေမှတ်အထက် အနည်းငယ်စီ မြစ်ရေမြင့် တက်နိုင်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။

အဆိုပါမြစ်ရေမြင့်တက်မှုကြောင့် ဒေသခံများ အချိန် တစ်ပတ်ကျော်ကြာ ရေဘေးရှောင်နေရပြီး အစား အသောက်နှင့် နေရာထိုင်ခင်းအတွက် အခက်အခဲ ကြုံနေရကြောင်း သိရသည်။

မြစ်ရေကြီးမှုအခြေအနေကြောင့် အခြေခံပညာသင် ကျောင်းများနှင့် ဌာနဆိုင်ရာရုံးအချို့ ပိတ်ထားရကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ခန္တီးမြို့မြင်ကွင်း
#ချင်းတွင်းမြစ် #ရေကြီး #စိုးရိမ်ရေအမှတ်ထက်ကျော်လွန် #Ayeyarwaddy_Times