
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် (AA) က ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီတပ်များအနေဖြင့် စစ်ကူကို လေကြောင်းမှ တစ်ဆင့် ဖြည့်တင်းနေရကြောင်း သိရသည်။
ယခု ဇွန်ပထမပတ်ကစတင်ပြီး စစ်သည်အင်အားရာချီကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှ နေ၍ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်အင်အားဖြည့်တင်းနေသလို နပခ အတွင်းသို့လည်း နေ့စဉ်နီးပါး ရဟတ်ယာဉ်ဖြင့် စစ်ကူပို့နေကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။
“AA က စစ်ကောင်စီရဲ့ လှုပ်ရှားနယ်မြေမှန်သမျှကို ပိတ်ဆို့ဖြတ်တောက်လိုက်ပြီ။ အခုဆို စစ်ကူကို လေယာဉ်နဲ့ပဲပို့ရတယ်။ လက်နက်ရိက္ခာလည်း မြေပြင်က ပို့မရတော့လို့ လေ ကြောင်းကိုပဲအသုံးပြုနေရတယ်။ အမ်းနပခ က တောဟိန်းတောင်ဗျူဟာကျသွား ကတည်းက လှုပ်သွားတာ”ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ပြောသည်။
AA က အာရက္ခဒေသတစ်ခုလုံးအတွင်း၌ ဖက်ဆစ် စစ်ကောင်စီ၏တပ်များအားလုံး အနှေးနှင့်အမြန် ကင်းစင်ရမည်ဟူသော ရည်မှန်းချက်ဖြင့် ရခိုင်ပြည် နယ်အတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် တပ်ရင်းဗျူဟာဌာနချုပ်များကို ပိတ်ဆို့တိုက်ခိုက် လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့ရှိ အရေးပါသည့်တပ်စခန်းဖြစ်သည့် နပခဌာနချုပ်နှင့် အခြားတပ်စခန်းများဖြစ်သည့် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တောင်ကုတ် ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ-ဒကစ) အပါအဝင် ဓညဝတီရေတပ်ဌာနချုပ်တို့ကို AA က ဖြတ်တောက်ပိတ်ဆို့လိုက်ပြီး အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်နေသည့်အတွက် စစ်ကောင်စီ၏ စခန်းအချို့တစ်ဝက်ကိုလည်း သိမ်းဆည်းရမိထားပြီ ဖြစ်ကြောင်း AA ကဆိုသည်။
ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီ၏ အမ်းမြို့ နယ်ရှိ ရှေ့တန်းတပ်မှ အထိုင်ဗျူဟာစခန်းဖြစ်သည့် တောဟိန်းတောင်ဗျူဟာကို AA ကသိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားအလောင်းအမြောက်အများနှင့် စစ်လက်နက် များကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် AA က စစ်စခန်းများမှ ထွက်ပြေးလွတ် မြောက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လည်း ဝိုင်းပတ်ပိတ်ဆို့ကာ လိုက်လံဖမ်းဆီးလျှက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက အမ်းမြို့ရှိ ၎င်းတို့အခြေစိုက်ထားရာ နပခဌာနချုပ် မကျစေရေးအတွက် တိုက်ပွဲမဖြစ်ပွားဘဲ AA ရှိမည်ဟု ထင်မှတ်ရသည့် လူနေရပ်ကွက်အချို့ ကိုပါ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်လျှက်ရှိ ကြောင်း ဒေသခံများထံက သိရသည်။
ထို့အပြင် အမ်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကို ခရီးသွားလာခွင့်ပိတ်ပင်လိုက်ပြီး ထွက်ခွာနိုင်သည့် လမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားကာ ဒေသခံ များကို လူသားဒိုင်းသဖွယ်ပြုလုပ်ထားကြောင်း သိရ သည်။
#ရခိုင် #အမ်း #စစ်ကောင်စီ #လေကြောင်းသုံး #စစ်ကူပို့ #AA #Ayeyarwaddy_Times