ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် မလက်တိုကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ (၈)ရက်နေ့ကစ၍ မြို့နယ်ကြံ့ခိုင်ရေးပါတီမှ မြို့တွင်းရှိဆန်ကုန်သည်အချို့ကိုခေါ်ယူ၍ ကျေးရွာ ဒေသခံများအား ဆန်တစ်ပြည် ငွေ ၃၀၀၀ ကျပ်ဖြင့် ရောင်းချကာ စည်းရုံးမှုများပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

မအူပင်မြို့တွင်းရှိ ပါတီထောက်ခံသူ မိတ်သစ်ဆန်စက်ပိုင်ရှင် ဦးအောင်ကျော်မင်းအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူကာ ဒေသခံကျေးရွာသားများအား ဧည့်မထဆန်တစ်ပြည်လျှင် ငွေ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

“မြို့နယ်ကြံ့ခိုင်ရေးပါတီက မဲဆွယ်တဲ့ပုံစံနဲ့ မြို့ထဲက မိတ်သစ်ဆန်စက်ပိုင်ရှင်အောင်ကျော်မင်းကို ခေါ်ပြီးတော့ဆန်တွေလာရောင်းသွားတယ်။ သဘောက ၂၀၂၅ မှာရွေးကောက်ပွဲလုပ်မှာဖြစ်တဲ့အတွက် ပါတီထောက်ခံသူတွေအနေနဲ့ တစ်ယောက်ကိုဧည့်မထ ဆန်တစ်ပြည် ၃၀၀၀ ကျပ်နဲ့ရောင်းပြီးမဲဆွယ်သွားတာ။ လာဝယ်တဲ့သူတွေကတော့မရှိဆင်းရဲသားတွေ ပါတီဝင်တွေပဲလာဝယ်တာများတယ်။အပြင်ကလာဝယ်တာမရှိဘူး”ဟု မလတ်တိုကျေးရွာဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကြံခိုင်ရေးပါတီ၏ တိုင်းအဆင့်ပါတီစည်းရုံးရေးအဖွဲ့သည် မြို့တွင်းရှိပါတီထောက်ခံသူဆန်စက်ပိုင်ရှင်များနှင့် မြို့နယ်၊ရပ်ကျေးကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်များကို ပြီးခဲ့သည့် ဇူလိုင်လ ၂ရက်နေ့က အွန်လိုင်းမှတဆင့်အစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီမှပြုလုပ်မည့်၂၀၂၅ ရွေးကောက်ပွဲအတွက် ပါတီဝင်များအား စည်းရုံးရေးပြုလုပ်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းမြို့နယ်ကြံခိုင်ရေးပါတီရုံးနှင့် နီးစပ်သူများထံကသိရသည်။

“မြို့နယ်ပါတီအလုပ်အမှုဆောင်လုပ်နေတဲ့မြို့ထဲကဆန်စက်ပိုင်ရှင်တွေနဲ့မြို့နယ်၊ရပ်ကျေးပါတီအကြီးပိုင်းတွေကို ပါတီဗဟိုနဲ့ တိုင်းရုံးကနေ မဲဆွယ်ဖို့လုပ်ခိုင်းတာ။ အခုဆန်ဈေးကြီးတာကိုအကြောင်းပြပြီးတော့ အွန်လိုင်းကနေအစည်းအဝေးလုပ်ပြီးတော့ဆန်ဈေးတွေတမင်ဈေးချရောင်းခိုင်းတာပေါ့။ ပါတီအဖွဲ့ဝင်တွေကိုဦးစားပေးရောင်းခိုင်းတာပေါ့နော်။ ခက်တာက ပါတီအဖွဲ့ဝင်တွေကိုယ်တိုင်စစ်မှုထမ်းဥပဒေထုတ်တဲ့အချိန်ကစပြီးတော့ ပါတီအပေါ်မယုံကြည်တော့တာကြာပြီ။ ပါတီထောက်ခံတဲ့သူတွေရဲ့ကလေးတွေကို သင်တန်းတွေအတင်းလွှတ်တာရယ် ရှေ့တန်းကိုအပို့ခံရတာတွေဖြစ်တော့မယုံကြည်ကြတော့ဘူး။ အခုလိုမဲဆွယ်လုပ်နေပေမယ့် ဘာမှအကျိုးထူးမှာမဟုတ်တော့ဘူး”ဟု မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးနှင့်နီးစပ်သူတစ်ဦးကဆိုသည်။

အလားတူမအူပင်မြို့နယ်အတွင်းရှိညောင်ဝိုင်းကျေးရွာအုပ်နှင့် ပံတပွတ်ကျေးရွာများတွင်ပြီးခဲ့သည့် ဇူလိုင်လ (၅)ရက်နေ့က ခရိုင်ကြံ့ခိုင်ရေးပါတီ အမျိုးသမီးရေးရာတာ၀န်ခံဒေါ်တင်လေးနွယ်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးတင်ဝင်းအပါအဝင် ရပ်ကျေးပါတီဥက္ကဌများမှ ဒေသခံများအား ဧည့်မထဆန်တစ်ပြည်လျှင် ငွေ၃၀၀၀ကျပ်နှုန်းဖြင့်ရောင်းချကာ ပါတီစည်းရုံးရေးလုပ်ခဲ့ကြောင်းသိရသည်။

#မအူပင် #ကြံခိုင်ရေးပါတီ #ဆန်တစ်ပြည်၃၀၀၀ ကျပ် #စည်းရုံးနေ #Ayeyarwaddy_Times