ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၀ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တုန်းဇံကျေးရွာမှ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ဖမ်းဆီးခေါ်ဆောင်သွားသည့် ကလေးငယ်ကိုး ဦး ယမန်နေ့ဇူလိုင်လ ၉ ရက်နေ့တွင် ပြန်လွတ်လာကြောင်း ဒေသခံများထံက သိရသည်။

တုန်းဇံကျေးရွာတွင် ဇူလိုင်လ ၆ ရက်နေ့က ZRA အဖွဲ့မှ ၎င်းတို့ထံ စစ်မှုထမ်းရန်အတွက် မဲနှိုက်ခိုင်းပြီး မဲပေါက်သည့် ကလေးငယ် ကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် ကလေးငယ်များသည် အသက် ၁၅ နှစ်အောက် ကလေးငယ်များသာဖြစ်ပြီး ၎င်းတို့သည် အလယ်တန်းကျောင်းသားများ ဖြစ်သည့်အတွက် ကျေးရွာရပ်မိရပ်ဖများ၏ တောင်းဆိုညှိနှိုင်းမူကြောင့် ပြန်လွတ်လာခြင်းဖြစ်သည်။

“ကလေးတွေက တစ်ယောက်မှ အသက်ပြည့်သေးတာမဟုတ်လို့ ရွာထဲက ရပ်မိရပ်ဖ တွေက ZRA တပ်စခန်းကို ချက်ချင်း သွားရောက်ပြီး တွေ့ဆုံဆွေးနွေးပြီး အခုလို ပြန်လွတ်ပေးကြတာဖြစ်ပါတယ်။ ကလေးတွေက ပြန်ရောက်လာကြပါပြီ” ဟုဒေသခံံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ကလေးများတွင် ကျန်းမာရေးချူချာသည့် ကလေးများလည်း ပါဝင်ပြီး ၎င်းတို့၏ ကျန်းမာရေး၊ အသက်အန္တရယ်အတွက်လည်း မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော် ဦးလေးရဲ့ သားဆို ၁၃ နှစ်ဘဲ ရှိသေးတယ်။ ကျန်းမာရေးကလည်း ချိုတဲ့တယ်။ ဘယ်လိုမှစစ်မှုထမ်းဖို့ အဆင်မပြေဘူး။ သူ့မိဘတွေဆို အဖမ်းခံရကတည်း သားအတွက် စိတ်ပူလို့ ထမင်းဟင်းတောင် မစားနိုင်ကြဘဲ တစ်နေ့ကုန် ငိုကြွေးနေကြတယ်။ အခုပြန်လွတ်လာကြတော့ ဝမ်းသာပါတယ်” ဟုအဖမ်းခံရသည့် ကလေးတစ်ဦးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းပြင် ဇူလိုင်လ ၇ ရက်နေ့ကလည်း ZRA အဖွဲ့မှ တုန်းဇံကျေးရွာကို ထမ်မံလာရောက်ပြီး စစ်မှုထမ်းရန် အမျိုးသားများကို မဲနှိုက်ခိုင်းပြီး မဲပေါက်သည့် အမျိုးသား ၂၀ ဦးသည် ၎င်းတို့ထံ စစ်မှုထမ်းရမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ခေါ်သည့်အချိန် စစ်မှုထမ်းရမည်ဟုပြောဆိုကြောင်း သိရသည်။

#တီးတိန်မြို့ #ZRAဖမ်းဆီးခေါ်ဆောင် #ကလေးငယ်၉ဦး #ပြန်လွတ် #Ayeyarwaddy_Times