ဧရာဝတီတိုင်းမ်
ဇူလိုက် ၁၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နယ်မြေထိန်းချုပ်ထားနိုင်သော စစ်ကိုင်းတိုင်း ရှိ ဒေသများအပါဝင် ရေကြီးရေလျှံ ဖြစ်ပေါ်နေသောနေရာများတွင် ကူညီဆောင်ရွက်ပေးလျှက် ရှိကြောင်း ယနေ့ ဇူလိုင် ၁၀ ရက်နေ့က အွန်းလိုင်းစနစ်ဖြင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် NUG ၏ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြား သည်။
သဘာဝဘေးအန္တရာယ်များတွင် ရေကြီးရေလျှံမှုက အများဆုံးဖြစ်ပွားခြင်းဖြစ်ပြီး ကြိုတင် ကာကွယ်ဆောင်ရွက်နိုင်သည့်အတွက် မိုးလေဝသခန့်မှန်းချက်ကို ပြည်သူများ သေချာစွာနားထောင်ပါက ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
“စစ်ကိုင်းတိုင်းနဲ့ ကျန်တဲ့နေရာတွေမှာဖြစ်တဲ့အခါမှာ ဒီလိုပဲပထမဦးဆုံး အသိပေး ထားတယ်။ ဘယ်လိုအခြေအနေမျိုးရောက်ရင်တော့ အခုလက်ရှိနေရာကနေ အခြား လွတ်လပ်လုံခြုံမဲ့နေရာတစ်ခုကို ပြောင်းရွှေ့ဖို့လိုအပ်တယ်။ ရေလျှံတယ်ဆိုရင် ကုန်းမြင့် ကို ပြောင်းဖို့လိုတယ်ဆိုရင်ပြောင်းရမဲ့အချိန်ကို တိုက်တွန်းနှိုးဆော်တာတွေ ဆက်ပြီး တော့လုပ်နေတယ်။ အဲဒီအချိန်ကျရင် ပေကပ်မနေဖို့လည်းအရေးကြီးတယ်။ အဲ့ဒီ အချိန်မှာ ပြည်သူတွေလိုက်နာဆောင်ရွက်ဖို့လည်း တတ်နိုင်သမျှကူညီပေးရတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေး အစိုးရသည် ရေဘေးကူညီကယ်ဆယ်ရေး အဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ ရွှေ့ပြောင်းသွားလာရေးအတွက်လိုအပ်သည့် လှေများ ထောက်ပံ့ပေးကြောင်း၊ ကြိုတင်အသိပေးမှုနှင့်တုံ့ပြန်ဆောင်ရွက်ခြင်း (early warning early action ) ဖြင့်ကူညီပံ့ပိုးမှုများကိုလည်း လုပ်ဆောင် နေကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကချင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုတွင် လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှတဆင့် ကူညီခဲ့ကြောင်း NUG ၏ ပြောကြားချက်အရ သိရသည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မြို့ကြီး ၁၈ မြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး လာမည့် ၁ ရက်အတွင်း ရေပြန်လည် ကျသွားနိုင် သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် တည်ရှိနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က အသိပေးထားသည်။
ပုံစာ- NUG ၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
#ရေကြီးရေလျှံမှု #NUGကူညီ #Ayeyarwaddy_Times