ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

ဧရာဝတီတိုင်းရှိမြို့နယ်အချို့တွင် စားသုံးဆီရှားပါးနေသဖြင့် ခွဲတမ်းဖြင့်ဝယ်ယူနေကြရကြောင်း ဒေသတွင်းပြည်သူများထံက သိရသည်။

ဧရာဝတီတိုင်းအတွင်းရှ်ိ ကျောင်ကုန်း ၊အိမ်မဲ ၊ ငါသိုင်ချောင်း ၊ နှင့် ဝါးခယ်မမြို့နယ်တို့တွင် စားသုံးဆီရှားပါးနေပြီး စျေးတက်နေသည့်အပြင် ခွဲတမ်းဖြင့် ဝယ်ယူနေကြရကြောင်း သိရသည်။

“စားဆီက အခုဝယ်ရတာတော်တော်ဆိုးနေတယ် ။ ဆီတစ်ပိသာကို အရင်က စျေးအများဆုံး ရှစ်ထောင်စျေးပဲရှိတဲ့အပြင် လိုသလောက်ဝယ်လို့ရတယ် ။ အခုဆီစျေးက တစ်ပိသာ ၁၆၀၀၀ ကျပ် လောက်ဖြစ်သွားတဲ့အပြင်ကို လူတစ်ယောက်ကို ငါးဆယ်သားပဲ ရောင်းပေးနေတယ် “ ဟု ကျောင်းကုန်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက စားသုံးဆီကို သတ်မှတ်စျေးအတိုင်းရောင်းချရန် ထုတ်ပြန်ထားသော်လည်း ထုတ်ပြန်ပြီးရက်ပိုင်သာ သတ်မှတ်စျေးဖြင့် ရောင်းခဲ့ပြီး ကုန်ဆိုင်အချို့သည် အခြားစားသောက်ကုန်များကို အနည်းဆုံး ကျပ်တစ်သောင်းကျော်ဖိုး ဝယ်ယူမှ ဆီငါးဆယ်သားကို ၃၅၀၀ ကျပ်ဖြင့် ရောင်းပေးကြောင်း အိမ်မဲမြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။

“အစိုးရသတ်မှတ်စျေးအတိုင်း ရောင်းမရောင်းလိုက်စစ်တဲ့ရက်ပိုင်းတော့ ဆီစျေးက ကျသွားတယ်။ ဒါပေမဲ့ စျေးထဲကဆိုင်အချို့က ဆီလိုချင်ရင် ဆိုင်ကကုန်ပစ္စည်း အနည်းဆုံး တစ်သောင်းခွဲဖိုးဝယ်မှ ဆီငါးဆယ်သားထုတ်ရောင်းပေးတယ် ။ သူတို့ကဆီကိုစျေးလျှော့ရောင်းပေမဲ့ ကျန်တဲ့ဟာကို လိုချင်လည်းဝယ် မလိုချက်လည်းဝယ်လုပ်နေရတာ “ဟု အိမ်မဲမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စားသုံးဆီရှားပါးမှုကြောင့် ကျေးလတ်ဒေသတွင် စားဆီစျေးများ ပိုမိုမြင့်တက်နေကာ ဆီ တစ်ဆယ်သားလျှင် ၁၉၀၀ ကျပ်အထိ စျေးတင်ရောင်းချနေကြကြောင်း ဒေသခံများထံမှသိရသည်။

#ဧရာဝတီ #မြို့နယ်အချို့ #စားသုံးဆီစျေးတက် #ခွဲတမ်းဖြင့်ဝယ်ယူရ #Ayeyarwaddy_Times