ဓာတ်ပုံ - MFID

အိုလီဗီယာ/ဧရာဝတီတိုင်းမ်
(ရွှေကျင်မြို့)၊သြဂုတ်လ ၉ ရက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်း အ​ခြေခံကုန်စျေးနှုန်းများ ဆက်တိုက်ဆိုသလို မြင့်တက်လာမှုများကြောင့် ရောင်းသူနှင့်ဝယ်သူများအကြား ပဋိ ပက္ခများပေါ်ပေါက်လာကြောင်း ဒေသခံများကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ​တရိပ်ရိပ်မြင့်တက်နေသည့် အခြေခံစားကုန်စျေးနှုန်းများကြောင့် ဝယ်ယူသူများအနေဖြင့်မယုံကြည်မှုများဖြစ်ပေါ်နေပြီး မကြာခဏဆိုသလို ပြသနာများဖြစ်ပွားနေသည်ဟုဆိုသည်။

“စျေးကဒီနေ့ကတမျိုး နောက်နေ့ကျထပ်တက်နေတော့ ဝယ်သူတွေကမယုံကြဘူး၊ကျမတို့ရောင်းသူတွေက ကိုယ့်ဘာသာကို စျေးမြှင့်ထားတယ်လို့ထင်နေကြတယ်။ တမယ်ခြင်းဆီ စနွင်းမုန့်ကအစတက်တာ။ တဆင့်ယူရောင်းရတာလေ သယ်ယူစရိတ်တွေကလည်းတအားကြီးတယ်။ ခဏခဏစကားများရတယ်။ ကြာလာတော့ကျမတို့လဲ စျေးတက်ရတဲ့အကြောင်းတွေကို မရှင်းပြတော့ဘူး၊ အရောင်းဝယ်တွေကလဲအရင်ကထက်ပိုကျသွားတယ်” ဟု ဒေသခံကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိအခြေခံစားကုန်စျေးနှုန်းများသည် စစ်အာ ဏာမသိမ်းမီကနှင့်ယှဥ်လျှင် တရိပ်ရိပ်တက်လာပြီးနောက် ၂ ဆခန့်ကွာခြားနေကာ ရောင်းချသူများလည်းအဆင်မပြေတော့ကြောင်း ၄င်းကဆက်လက်ပြောသည်။

” အခုဆန်စျေး ရိုးရိုးပေါ်ဆန်းမွှေးတအိတ်ကို အရင်က ၆၀၀၀၀ကနေ ခု၉၀၀၀၀၊ ပုံမှန်ဆီစျေးတစ်ပိသာ ၄၀၀၀ ကနေ ၉၅၀၀၊ကြက်သွန်နီတစ်ပိသာ ၈၀၀ /၁၀၀၀ ကနေ ၂၂၀၀ နဲ့ရောင်းနေရတာ။ ကိုယ်လည်းဘယ်တက်ချင်မလဲသူတို့တက်လို့လိုက်တက်ရတာ။ သယ်ယူစရိတ်တွေကလည်းတအားကြီးနေတာ။ အရှုံးခံပြီးလည်းစျေးရောင်းလို့မှအဆင်မပြေတာ” ဟု ၄င်းကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင် ဘဏ်စနစ်များကောင်း မွန်စွာမလည်ပတ်နိုင်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေပြီးငွေကြေးဖောင်းဖွမှုများဖြစ်ပေါ်လာခြင်း၊ ဒေါ်လာနှင့်အခြားငွေကြေးတန်ဖိုးများမြင့်တက်နေခြင်း၊ စက်သုံးဆီစျေးနှုန်းများမြင့်တက်လာခြင်းများအပါအဝင် အခြားမတည်ငြိမ်မှုများကြောင့် အခြေခံစားကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ပြည်သူလုထုဆင်းရဲမွဲတေမှုနှင့်ရင်ဆိုင်နေရသည်။

စစ်ကောင်စီအနေဖြင့် စားအုန်းဆီအပါအဝင် စားကုန်တချို့အား ရည်ညွှန်းသတ်မှတ်စျေးများထုတ်ပြန်သော် လည်း ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများတွင် ပိုမိုထိခိုက်မှုများပြားနေကြောင်း သိရသည်။