ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉၊ ၂ဝ၂၂
သြဂုတ်လ ၄ ရက်နေ့ ညနေက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ရိပ်သာအနီး လမ်းဆုံတွင် အိမ်စီးကားနှင့် ရဲကားတိုက်မိပြီး ရဲကားတိမ်းမှောက်ခဲ့မှုတွင် ဒဏ်ရာရခဲ့သော အချုပ်သားတဦးက ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာထားထားလင်းဖြစ်ပြီး ပုခုံးညှပ်ရိုး ကျိုးသွားခဲ့ပြီး လာမည့် သြဂုတ်လ ၁ဝ ရက်နေ့တွင် ခွဲစိတ်ကုသမှု ပြုလုပ်မည်ဟု ဆရာဝန်အသိုင်းအဝိုင်းမှ သိရသည်။
၎င်းကို လက်ရှိအချိန်တွင် နေပြည်တော် ကုတင် ၁ဝဝဝ ဆေးရုံတွင် သီးခြားကုသနေရပြီး ဒဏ်ရာကြောင့် နာကျင်မှု ခံစားနေရကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM ပြုလုပ်ထားသော ဆရာဝန်တဦးက ပြောသည်။
”ပုခုံးညှပ်ရိုးကျိုးသွားတယ်။ ပုခုံးညှပ်ရိုးက တခြားအရိုးတွေကျိုးသလို စတီးရိုးထည့်တာမျိုး ကုသလို့ရတဲ့ နေရာမဟုတ်ဘူး။ အဲ့ဒီညှပ်ရိုး ပုံမှန်အနေအထား ပြန်ရောက်အောင် တဖြည်းဖြည်းထားပြီးတော့မှ ဆက်ပေးနိုင်တဲ့ အနေအထားရောက်အောင်ထားရတယ်။ အဲ့ဒီအတွက် ရက်အတန်ကြာအထိ ခွဲစိတ်ကုသလို့မရဘူး။ အဲ့ဒီအတွက် ဒဏ်ရာကြောင့် နာကျင်တဲ့ဝေသနာကို ခံစားရမှာပေါ့” ဟု ၎င်းက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဒေါက်တာထားထားလင်းသည် NLD ဦးဆောင်သည့် အစိုးရလက်ထက်က ကိုဗစ်ကာကွယ်ဆေး Global Alliance for Vaccines and Immunization-Health System Strengthening လုပ်ငန်းကို ကိုင်တွယ်ကြီးကြပ်ရာတွင် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာတွင် ကိုဗစ်ကာကွယ်ဆေး နိုင်ငံတကာ အထောက်အပံ့ကို စစ်တပ်အာဏာသိမ်းပြီးနောက် အလှူရှင်အဖွဲ့ဖြစ်သည့် UNICEF ထံ ပြန်အပ်ခဲ့သည့်အတွက်ကြောင့် စစ်တပ်မှ အငြိုးကြီးစွာဖြင့် ဖမ်းဆီးတရားစွဲကာ ထောင်ချခံခဲ့ရသူ ဖြစ်သည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် တပတ်အကြာတွင် ကျန်းမာရေး ဝန်ကြီးဌာနရှိ ဆရာဝန်အများအပြား CDM လုပ်ရှားမှုတွင် ဒေါက်တာထားထားလင်းလည်း ပါဝင်ခဲ့ပြီး စစ်ကောင်စီ၏ ညွှန်ကြားချက်အတိုင်း မလုပ်ဘဲ အလှူရှင်အဖွဲ့ထံသို့ ဘဏ္ဍာငွေ ပြန်အပ်ခဲ့ရာတွင် ငွေကျပ် ၁၆၁ သန်းကျော် ဆုံးရှုံးခဲ့သည်ဟုဆိုပြီး စစ်တပ်မှ ဖမ်းဆီးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၆ ဖြင့် ထောင် ၃ နှစ်ချခဲ့သည်။
ထို့အပြင် မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇/၁ ပုဒ်မ၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၄(က) တို့ဖြင့် ထပ်မံတရားစွဲခြင်း ခံထားရသူဖြစ်သည်။