ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဇူလိုင် ၉ ရက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာအုပ်စုကို ယမန်နေ့ ဇူလိုင် ၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံ တပ်များကဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ဒေသခံ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ် ဟာရီးကျေးရွာအုပ်စု၊ ဘာဘူကုန်း နှင့် ရမ်းမကျန်း ကျေးရွာ အကြား ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်များက တောင်ခင် ကျေးရွာအုပ်စု ကျေးရွာများကို ဒရုန်း နှစ်စီး အသုံးပြု၍ အကြောင်းမဲ့ လိုက်လံဗုံးကြဲခဲ့ရာ ဖတောင်ခင်၊ လကြိတ်ကွင်း၊ လေးအိမ်စုကျေးရွာများ အတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် လေးအိမ်စုကျေးရွာမှ ကိုကျော်ရဲအောင် အသက် (၃၃) နှစ် နှင့် ဒေါ်မိုးဝါ အသက် (၄၂) နှစ်တို့ နှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

“ဒီလပိုင်းမှာ စစ်တပ်ကဒရုန်းတွေပိုသုံးလာတယ်။ အခုကဘာတိုက်ပွဲမှ မရှိပါဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အဆိုပါနေ့ နေ့လယ် ဝန်းကျင်တွင်ပင် ပိန်းဇလုပ်အ‌ခြေစိုက် ခမရ-၂၆၄ တပ်ရင်း မှ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည့်အတွက် လေးအိမ်စုကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲရာ ဦးစိုးမြင့်ဆိုသူ၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့ကလည်း တော်လှန်ရေး တပ်ဖွဲ့များက ကျောက် တံခါးမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း နှစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – ပေးပို့
#ကျောက်တံခါး #စစ်ကောင်စီ #ဒရုန်း #လက်နက်ကြီး #ဒေသခံသေဆုံး #Ayeyarwaddy_Times