ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်

ရန်ကုန်တိုင်း၊ ဒေါပုံနှင့် သာကေတမြို့နယ်တို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ဆိုသော်လည်း ပြင်ထန်းဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ရှိဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့်ဆေးရုံ တက်ရောက်ကုသသူများမှာ ဇူလိုင် ၈ ရက်နေ့တွင် လူနာသစ် ၆၀ ဦး၊ ဇူလိုင် ၇ ရက်နေ့တွင် လူနာသစ် ၄၄ ဦး၊ ဇူလိုင် ၆ ရက်နေ့တွင် လူနာသစ် ၆၃ ဦးရှိ၍ ယခု ၃ ရက် အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၆၇ ဦးရှိလာပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ မြင့်တက်လာကြောင်း သိရသည်။

ယမန့်နေ့ ဇူလိုင် ၈ ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာသစ် ၆၀ ဦးအနက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတွေ့ရှိသူ ခြောက် ဦးရှိသဖြင့် လူ ၁၀ ဦးတွင် တစ်ဦးက ပြင်းထန်ဝမ်းပျက်၀မ်းလျှောရောဂါခံစားနေရကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုထားသည်။

ထို့ပြင် ဝမ်းပျက်ဝမ်းလျှောရောဂါစတင်ဖြစ်ပွားသည့် ဒေါပုံမြို့နယ်တွင် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ကြောင်းနှင့် သာကေတမြို့နယ်တွင် ရောဂါကူးစက်ဖြစ်ပွားမှု စတင် လျော့ကျလာကြောင်း ထုတ်ပြန်ထားသော်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနှုန်း မှာ ယခင်ရက်များထက် ပိုမိုမြင့်တက်လျှက်ရှိသည်။

လက်ရှိတိုးလာသော ဝမ်းပျက်ဝမ်းရောဂါလူနာများမှာ မည်သည်မြို့နယ် မည်သည့် ရပ်ကွက်က ဖြစ်ကြောင်းကိုမူ စစ်ကောင်စီက ထုတ်ပြန်ထားခြင်းမရှိပေ။

ပြည်သူ့ဆေးရုံကြီးများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာများအတွက် လိုအပ်သော ဆေးကုသမှုရရှိရေး အပါအဝင် ဆေးဝါးများပံ့ပိုးပေးခြင်နှင့် ရောဂါပိုးထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေပြီး ရောဂါကူးစက်ခံရသော လူနာများကိုရှာဖွေခြင်း၊ ကုပေခြင်း၊ လွှဲပြောင်းခြင်းနှင့် ထပ်မံကူးစက်မှုမရှိစေရန်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကာကွယ်ရာတွင် လက်ကိုဆပ်ပြာဖြင့် သေချာဆေးရန်၊ သောက်သုံးရေကျိုချက်သောက်ရန်၊ အမှိုက်နှင့်စွှန့်ပစ်ပစ္စည်းများကို သေချာစွာစွန့်ပစ်ရန်၊ အစားအသောက်ကိုသန့်ရှင်းစွာကိုင်တွယ်ရန်နှင့် ယင်နားစာ မစားခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ဓာတ်ပုံ – စစ်ကောင်စီ
#ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ #ဖြစ်ပွားမှုမြင့်တက် #Ayeyarwaddy_Times