
ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
လာမည့် ၂၀၂၅ ခုနှစ် ပြက္ခဒိန်ကို ရေးဆွဲကာ အများပြည်သူရုံးပိတ်ရက်များ ထုတ်ပြန်ခဲ့ပြီး သော်လည်း “တရုတ်နှစ်သစ်ကူးနေ့” ကို အများပြည်သူရုံးပိတ်ရက်သတ်မှတ်ရန်အတွက် ၂၀၂၅ ခုနှစ် ပြက္ခဒိန်ကို စစ်ကောင်စီက ပြန်လည်ပြင်ဆင်လိုက်ကြောင်း သိရသည်။
ဒေသအတွင်း အာဆီယံနိုင်ငံများအပါအဝင် အချို့သော ကမ္ဘာ့နိုင်ငံများနည်းတူ အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်အတွက် “တရုတ်နှစ်သစ်ကူးနေ့” ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ အများပြည်သူရုံးပိတ်ရက်အဖြစ် “တရုတ်နှစ်သစ်ကူးနေ့” အပြင် “နိုင်ငံတကာ နှစ်သစ်ကူးနေ့” ကိုပါ ထည့်သွင်းသတ်မှတ်ခဲ့သည်။
” ရုံးပိတ်ရက်သတ်မှတ်လိုက်တော့လည်း အနားရတာပေါ့။ ဒါပေမယ့် တရုတ်တွေက ကျန်တဲ့ရုံးပိတ်ရက်တွေ ဒီလိုလပြည့်နေ့တွေ အခါကြီးရက်ကြီးတွေဆို ပိတ်ပေးတာ မဟုတ်ဘူး။ သူတို့နှစ်သစ်ကူးနေ့ပဲ ပိတ်ပေးတာ။ သူတို့လည်း လုပ်ငန်းနားပေါ့။ အဲဒီလို ကျန်တဲ့ ရက်တွေက အလုပ်ပဲလုပ်ရတယ် ” ဟု တရုတ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် အများပြည်သူရုံးပိတ်ရက်များကို လျော့ချခဲ့ပြီး နောက် ယခုတွင် NLD အရပ်သားအစိုးရလက်ထက်က အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသော ဇန်နဝါရီ ၁ ရက်နေ့ “နိုင်ငံတကာနှစ်သစ်ကူးနေ့” ကိုလည်း ရုံးပိတ်ရက်အဖြစ် ပြန်လည်သတ်မှတ်ခဲ့သည်။
ထို့ပြင် ၂၀၂၅ ခုနှစ် ပြက္ခဒိန်တွင် အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် ဘာသာရေး ဆိုင်ရာ နေ့ထူးနေ့မြတ်များ၊ နိုင်ငံတော်၏ ထူးခြားသမိုင်းဝင်သည့် နေ့ရက်များ၊ မြန်မာနှစ်သစ်ကူးနေ့ရက်များ၊ ကရင်နှစ်သစ်ကူးနေ့ရက်များ ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်၊
ပြီးခဲ့သည့်နှစ်နှစ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai တို့ တရုတ်နှစ်သစ်ကူးပွဲတက်ရောက်ရာတွင် ယင်းနေ့ကို အများပြည်သူရုံးပိတ်အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai သည် ဇူလိုင် ၄ ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းသည် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် တက်ရောက်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က တရုတ်နိုင်ငံသို့ထွက်ခွာခဲ့ပြီး ဒုစစ်ခေါင်းဆောင် ရောက်ရှိနေချိန်တွင် တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံး ပိတ်ရက်အဖြစ် သက်မှတ်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – China embassy၊ စစ်ကောင်စီ
#တရုတ်နှစ်သစ်ကူးနေ့ရုံးပိတ်ရက် #စစ်ကောင်စီသတ်မှတ် #၂၀၂၅ပြက္ခဒိန်ပြောင်း #Ayeyarwaddy_Times