
မြရာ/ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
ရှမ်းမြောက်ရှိ လားရှိုးမြို့ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ သိမ်းယူခြင်းခံရပါက စစ်ကောင်စီဝန်ကြီးချုပ်မှစ၍ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး)နှင့် တိုင်းမှူးများကိုပါ အနားပေးမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုညွှန်ကြားထားကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာလားရှိုးမြို့ စစ်ရှုံးပါက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကစထမှူး နှင့် တိုင်းမှူးများကို အနားပေးမည်ဖြစ်ပြီး အောက်ခြေ စစ်ကောင်စီတပ်ဖွဲ့များကိုလည်း မဆုတ်တမ်းခံစစ်ဖြင့် ခုခံကြရန် စစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“အကုန်အကြိမ်းခံထားရတယ်။ အရင် အခေါက်တွေလို လွယ်လွယ်ပါသွားရင် အကုန်စိ မှာ။ အသေခံတိုက်ကြဖို့ ညွှန်ကြားထားတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က စခန်းစွန့်ခွာပေးရသည်အထိ စစ်ရှုံးခဲ့မှုများရှိ၍ စစ်ခေါင်းဆောင်က ထိုကဲ့သို့ ညွှန်ကြားမှုများပြုလုပ်လာခြင်း ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့ရှိ စစ်ကောင်စီစခန်းများကို ကိုးကန့်တပ်(MNDAA) က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နမ့်ပေါင်တံတား နှင့် ခလရ -၂၁၉ တို့ကို တိုက်ခိုက်အပြီး ရက်ပိုင်းအတွင်း ထိန်းချုပ်နိုင်ခဲ့သည်။
ထို့အပြင် ရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာသို့ ဒရော့ဗုံးများဖြင့် ပစ်ခတ်ခံရပြီး မြို့အတွင်း အခြားနေရာ လေးနေရာကျော်တွင်လည်း စစ်ကောင်စီနှင့် MNDAA တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့ပြင် လားရှိုးမြို့အသိမ်းခံရပြီး တပ်ဖွဲ့ဝင်များ မဖြစ်မနေဆုတ်ခွာရမည်ဆိုပါက အရေးကြီးစာရွက်စာတမ်းများနှင့် လက်နက်ခဲယမ်းများကို မဖြစ်မနေဖျက်ဆီးပစ်ကြရန် စစ်ကောင်စီက ညွှန်ကြားချက်စာ ထုတ်ထားကြောင်း သိရသည်။
လားရှိုးရှိ ခမရ-၅၀၇ တပ်ရင်းကို MNDAA တပ်ဖွဲ့ဝင်များက သိမ်းပိုက်ထားစဉ်တွင် စစ်ကောင်စီသည် လေကြောင်းမှနေ၍ ၅၀၇ တပ်ရင်း အနီးတစ်ဝိုက်နှင့် ရပ်ကွက် (၅)တစ်ခုလုံးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာသည့်အတွက် MNDAA တပ်များ စခန်းမှ ဆုတ်ခွာပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက လားရိုးမြို့ကိုသာမက ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များတော်လှန်ရေးတပ်ဖွဲ့များထံ မရောက်ရှိစေရန်အတွက် အောက်ခြေတပ် သားများ အနေဖြင့် အသေခံ၍ တိုက်ကြရန် ညွှန်ကြားထားသည်။
ဝန်ကြီးချုပ်နှင့် တိုင်းမှူးစသည့် အရာရှိအဆင့်များကိုလည်း ရှမ်းမြောက်ရှိ ကျန်ရှိနေသည့် မြို့များမကျစေရန် စီမံချက်များချမှတ်၍ ကာကွယ်ကြရန် ညွှန်ကြားထားပြီး အဆိုပါ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိပါက အရာရှိအဆင့်အလိုက် အကုန် အနားပေး အရေးယူမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လားရှိုးမြို့ပေါ်၌ တိုက်ပွဲပြင်းထန်လျှက်ရှိကာ စစ်ဘေးရှောင်လိုသည့် ဒေသခံသောင်းနှင့်ချီ၍ မြို့အတွင်းပိတ်မိနေပြီး စစ်ကောင်စီက ပြည်ထောင်စုလမ်းမကြီး လားရှိုး-နောင်မွန်ကြား၊ ခေးနင်း၊ စံဖြတ်ရွာအနီးတွင် စစ်ရှောင်လာသည့်ကားများကို တားဆီးထားကြောင်း သိရသည်။
ပုံစာ-ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁၀ ရက်နေ့က လားရှိုးမြို့သို့သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားတွေ့ရစဉ်
#ရှမ်းမြောက် #လားရှိုး #ဝန်ကြီးချုပ်အဆင့် #အရေးယူ #အသေခံတိုက်ရန် #စစ်ခေါင်းဆောင်ညွှန်ကြား #Ayeyarwaddy_Times