ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီ၏ တပ်စခန်းများ နေ့စဉ်ရက်ဆက် အသိမ်းခံနေရမှုနှင့် ပတ်သက်ပြီး လတ်တလောတွင် ခန့်အပ်ထားသည့် မန္တလေးတိုင်း တိုင်းမှူးကို စစ်ကောင်စီက ခေါ်ယူစစ် ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့တွင် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် (လပခ) တိုင်းမှူး အဖြစ်ခန့်အပ်လိုက်သည့် စစ်တက္ကသိုလ်အပတ်စဉ် (၃၆) ဆင်း ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို မန္တလေးတိုင်းအတွင်းရှိ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ခေါ်ယူစစ်ဆေးနေ ကြောင်း သိရသည်။
“အသစ်ရောက်လာတဲ့ တိုင်းမှူးကို ခေါ်စစ်နေတယ်။ ခုချိန်ရွှေ့ခံရတဲ့သူကတော့ ခံရမှာပဲ။ တစ်ယောက်ကတော့ လက်မတင်လေး ရှောင်ထွက်သွားနိုင်ပြီ”ဟု လပခနှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကြည်ခိုင်နေရာသို့ အစားထိုး ရောက်ရှိလာသည့် ဗိုလ်ချုပ် အောင်ခိုင်ဝင်းသည် ယခင်က တြိဂံတိုင်းစစ်ဌာနချုပ် (တသခ) တိုင်းမှူး ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို ယခုဇူလိုင်လအတွင်း မန္တလေးတိုင်း မတ္တရာနှင့် စဉ့်ကူးမြို့နယ် များမှ စစ်ကောင်စီစစ်စခန်းများ သိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး စစ်ဆေးနေခြင်း ဖြစ်သည်ဟု လပခနှင့်နီးစပ်သူက ဆိုသည်။
မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း ၂၅ ခုကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး)က သိမ်းယူရရှိထားပြီး စခန်းများပြန်လည်ရရှိရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများပါ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရ သည့်အတွက် ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုဇူလိုင်ပထမပတ်အတွင်းတွင် စဉ့်ကူးမြို့နယ်၌ လည်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၁ ခုကို တော် လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းထားပြီး မန္တလေးမှစစ်ကူလာသည့် စစ်ကြောင်းကို သံချပ်ကားပါပျက်စီး၍ နောက်ဆုတ်သွားသည်အထိ တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်။
ထို့အပြင် စဉ့်ကူးဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်(OTC-19) အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက အရှင်ဖမ်းဆီးရမိပြီး ပျူစောထီးအဖွဲ့ဝင်များ လက်နက်များဖြင့် အလင်းဝင် အညံ့ခံခဲ့ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီ၏ မြေပြင်ထိုးစစ်မှနေ၍လည်း စစ်အင်အားနှင့်လက်နက် မဖြည့်တင်းနိုင်သောကြောင့် လေကြောင်းမှတစ်ဆင့် ပစ်ချပေးသည့် လက်နက်ခဲယမ်း ထုပ်များသည် တော်လှန်ရေးတပ်ဖွဲ့များထံ ရောက်ရှိသွားပြီး စစ်ကောင်စီဘက်က ဆုံးရှုံး မှုများခဲ့ကြောင်း သိရသည်။
အလားတူ မတ္တရာမြို့နယ်၊ ရေနံ့သာတိုးဂိတ်စစ်ဆေးရေးစခန်းသို့ စစ်ကူစေလွှတ်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှာလည်း ထိခိုက်မှုများပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်က ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရရှိုးနှင့် မန္တလေးတိုင်း အတွင်းရှိ မြို့နယ်များ စစ်ရှုံးပါက ဝန်ကြီးချုပ်အဆင့်မှစ၍ တိုင်းမှူး၊ ကစထမှူးများအထိ အနားပေးအရေး ယူမည်ဖြစ်ကြောင်း ရာဇသံပေးထားသည်ဟု သိရ သည်။
ပုံစာ-လက်ရှိ စစ်ဆေးခံနေရသည် မန္တလေးတိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို ၂၀၂၃ ခုနှစ်က တြိဂံတိုင်းမှူးအဖြစ် တွေ့ရစဉ်
ပုံစာ-အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်းတွင် နှစ်(၅၀)ပြည့် ရွှေရတုတိုင်းနှစ်ပတ်လည်နေ့ ပြုလုပ်စဉ်
#မန္တလေး #လပခတိုင်းမှူး #ခေါ်ယူစစ်ဆေးခံရ #Ayeyarwaddy_Times