
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၉ ရက်
ချင်းပြည်နယ်၊ မတူပီမြို့၊ မြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေကြသည့် ဒေသခံများနှင့် အဆက်အသွယ်ပြတ်နေကြောင်း မိသားစုအသိုင်းအဝန်းများထံက သိရသည်။
မတူပီမြို့ကို ချင်းညီနောင်နှင့် အာရက္ခတပ်တော်(AA)တို့က အပြီးသိမ်းပိုက်နိုင်ခဲ့သော်လည်း ချင်းလဲန်းအစိုးရလက်အောက်ခံ CNA ဦးဆောင်သော ချင်းကာကွယ်ရေးတပ်ဖွဲ့တို့နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ရှောင်ဒေသခံများနေရပ်သို့ မပြန်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
“မတူပီမှာ ဖုန်းလိုင်းတွေလည်း အကုန်ပိတ်ထားတယ်။ စစ်ရေးအခြေအနေကြောင့် လမ်းတွေလည်း အကုန်ပိတ်ထားတယ်။ ဒါကြောင့် မတူပီမြို့နယ်ထဲမှာ စစ်ရှောင်နေတဲ့ မိသားစုတွေနဲ့လည်း အခုထိ အဆက်သွယ်မရသေးဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့မှာ ဆုံးသွားတဲ့ စစ်ရှောင်ရဲ့ နာရေးသတင်းကိုလည်း မနေ့ကမှ ကြားရတယ်။ စစ်ရှောင်နေတဲ့ မိသားစုဝင်တွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် အင်မတန်စိတ်ပူမိတယ်” [k မီဇိုးရမ်ပြည်နယ်သို့ စစ်ရှောင်နေသော ဒေါ်သမ်ပုက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မတူပီမြို့နယ်၊ ထီစောင်းကျေးရွာ၊ စောင်ထီယားကျေးရွာ၊ ကလားကျေးရွာ၊ လေဆင်းကျေးရွာနှင့် အခြားတောယာတဲတို့တွင် မတူပီဒေသခံများစစ်ရှောင်နေကြရပြီး စစ်ရှောင်အများစုနှင့် အဆက်သွယ်ပြတ်လပ်နေခြင်း ဖြစ်ကြောင်းသိရသည်။
မိုးတွင်းကာလဖြစ်သည့်အတွက် မတူပီမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲနေပြီး လက်ရှိအဆက်သွယ်ရနေသော စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်လျှက်ရှိကြောင်းသိရသည်။
လက်ရှိမတူပီမြို့တွင် ချင်းလဲန်းအစိုးရလက်အောက်ခံကာကွယ်ရေးတပ်နှင့် အာရက္ခတပ်တော်(AA) ၊ ချင်းညီနောင်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများပြားကြောင်းသိရသည်။
ပုံစာ-မတူပီမြို့နယ်ရှိ စစ်ရှောင်စခန်းကိုတွေ့ရစဉ်။
#မတူပီမြို့သိမ်းတိုက်ပွဲ #စစ်ဘေးရှောင်ဒေသခံပြည်သူများ #အဆက်သွယ်ပြတ်နေ #Ayeyarwaddy_Times