
ဧရာဝတီတိုင်းမ်
ဇူလိုင် ၉ ရက်
မြန်မာနိုင်ငံအထက်ပိုင်းတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြို့ကြီး ၁၆ တွင် စိုးရိမ်ရေမှတ်ကျော်လွန်ကာ ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါမြို့ကြီးများတွင် ရေဘေးဒုက္ခသည် အရေအတွက်သောင်းနှင့်ချီရှိနိုင်ပြီး စားဝတ်နေရေးအခက်အခဲများ၊ ကျန်းမာရေးအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမြစ်ကြောင်းပေါ်ရှိ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ နှင့် ညောင်ဦးမြို့တို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်နေကြောင်း သိရသည်။
ချင်းတွင်းမြစ်ကြောင်းပေါ်ရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့တို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
ဗန်းမော်မြို့ရှိ ဧရာဝတီမြစ်ရေသည် လာမည့် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ပြန်လည်ကျဆင်းနိုင်ပြီး ရွှေကူ၊ ကသာ၊ သပိတ်ကျင်းမြို့တွင် လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိ နေမည်ဖြစ်ကြောင်းသိရသည်။
လာမည့်တစ်ရက်အတွင်း ဧရာဝတီမြစ်ရေသည် မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့တွင် စိုးရိမ်ရေမှတ်ထက် တစ်ပေခွဲခန့်မြင့်တက်နိုင်ပြီး ဆက်လက်တည်ရှိမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက် ၂၀ ရပ်ကွက်အတွင်းမြစ်ရေဝင် ရောက်ပြီး စိုးရိမ်ရေမှတ်အထက် တစ်ပေကျော်လွန်နေသဖြင့် အချို့နေအိမ်များနစ်မြုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်ထံမှ သိရသည်။
ထို့ပြင်ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေသည့် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့်ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်တွင်လက်ဆက်တည်ရှိမည်။
တစ်ပတ်ကျော်ကြာရေကြီးနေသော ဟုမ္မလင်းရှိချင်းတွင်းမြစ်ရေသည် လာမည့် တစ်ရက်အတွင်း သုံးလက်မခန့်ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်တွင်လက်ဆက်ရှိနိုင်ကြောင်းထုတ်ပြန်သည်။
ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် လာမည့် တစ်ရက်အတွင်း သုံးလက်မခန့်မြင့်တက်နိုင်ကြောင်း ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တွင် တစ်ပေခွဲခန့်မှ သုံးပေခွဲခန့်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်တွင်ဆက်လက်တည်ရှိမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထံမှ သိရသည်။
ကလေးဝမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၃၇ စုနှင့် လူဦးရေ ၁၅၄ ဦးရွှေပြောင်းပေးထားကြောင်း စစ်ကောင်စီသတင်းဌာနတွင်ဖော်ပြထားသည်။
အဆိုပါမြစ်ရေမြင့်တက်မှုများကြောင့် မြစ်ကမ်းနာပတ်ဝန်းကျင် နှင့် မြေနိမ့်ပိုင်းနေသူများရွှေ့ပြောင်းနေထိုင်ကြရန် သတိပေးသော်လည်း တာဝန်ခံတာဝန်ယူရွှေ့ပြောင်းပေးမည့်သူများအပါအဝင် နေထိုင်ရန်နေရာ အခက်အခဲများရှိသဖြင့်ကြိုတင်ရွှေ့ပြောင်းနိုင်ခြင်းမရှိဘဲ ရေတက်လာမှသာလျှင် ပြည်သူများ ကြုံရာနေထိုင်ရ ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#မြို့ကြီး၁၇မြို့ #စိုးရေမှတ်ကျော် #ရေကြီးရေလျှံ
#ဧရာဝတီမြစ် #ချင်းတွင်းမြစ် #Ayeyarwaddy_Times