ဧရာဝတီတိုင်းမ်
(မဲဆောက်)၊ ဇူလိုင် ၉ ရက်
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် အိမ်တွင်းအကြမ်းဖက်မှုကို ကျူးလွန်ကာ လူသတ်မှုကျူးလွန်ခဲ့သည့် ဇော်ဝင်းထွဋ်(ခ)ဝဠာ ကို ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့တွင် Lion Battalion စစ်ကြောင်းမှ တစ်ဆင့် ထိုင်းအာဏာပိုင်များထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။
ဇော်ဝင်းထွဋ်(ခ) ဝဠာသည် စင်္ကာပူနိုင်ငံတွင်နေထိုင်သည့် ၎င်း၏ဇနီးဖြစ်သူ မထက်ထက်ဇော်(ခ)နန္ဒာ မဲဆောက်မြို့သို့ လာရောက်စဉ် သေဆုံးသည်အထိ ပြင်းထန်စွာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
ပြစ်မှု ကျူးလွန်ပြီး သုံးလအကြာအတွင် ကျူးလွန်သူအား တော်လှန်ရေးတပ်ဖွဲ့များ မှတစ်ဆင့် ထိုင်းအာဏာပိုင်များထံ အပ်နှံပြီးနောက် ထိုက်သင့်သည့်ပြစ်ဒဏ်များကို ကျခံနိုင်ရန် တရားစီရင်ရေးအတွက် ထိုင်းရဲစခန်း၊ တရားရုံး၊ ရှေ့နေများမှ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း Sisters to Sisters အဖွဲ့ထံက သိရသည်။
“ထိုင်းနိုင်ငံက မြန်မာနိုင်ငံထက် တရားဥပဒေစိုးမိုးမှု ပိုရှိတဲ့အတွက်ကြောင့်မို့လို့ ကျူးလွန်သူက ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရဖို့ပါ။ တရားစီရင်ရေးအတွက်ကို ထိုင်းနိုင်ငံရဲ့ တရားရုံးတွေ ရဲစခန်းတွေ ရှေ့နေတွေကနေဆောင်ရွက်သွားမယ်လို့ သိထားတယ်။ အဲ့ဒီအတွက်လည်း ကျွန်မတို့က အားပေးသွားမှာ ဖြစ်ပါတယ်” ဟု Sisters to Sisters အဖွဲ့မှ မသဉ္ဇာရွှန်းလဲ့ရည်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လူသတ်မှု ကျူးလွန်ခဲ့သူကို ပြစ်ဒဏ်ကျခံရသည်အထိ အရေးယူနိုင်ရန် Sisters to Sisters အဖွဲ့အစည်းအနေဖြင့် “ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရ” မူကို ကိုင်စွဲ၍ လိုအပ်သည့် အခန်းကဏ္ဍရပ်တည်သွားမည်ဖြစ်ပြီး ကျန်သည့် ညီအစ်မအစုအဖွဲ့များ၊ နယ်စပ်တစ်လျှောက်ရှိ တော်လှန်ရေးအစုအင်အားစုများနှင့်အတူ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ပြင်းထန်စွာ ရိုက်နှက်ခြင်းခံရ၍ သေဆုံးခဲ့ရသည့် မထက်ထက်ဇော်၏ ရုပ်အလောင်းမှာ လက်ရှိတွင် မဲဆောက်မြို့ဆေးရုံကြီးတွင်ရှိနေပြီး ရုပ်အလောင်းကို ထုတ်ယူ၍ မရရှိသေးကြောင်းလည်း သိရသည်။
သို့သော် မြန်မာသံရုံးကမူ မိသားစုဆွေမျိုးများအနေဖြင့် ရုပ်အလောင်းကို ထုတ်ယူ နိုင်ရန်အတွက် မြန်မာသံရုံး (ဗန်ကောက်) ထံ ဆက်သွယ်ရန် ထုတ်ပြန်ထားသည်။
“ရုပ်အလောင်းနဲ့ပတ်သက်ပြီး အခြားသော ကျွန်မတို့ မသိသေးတာ ရှိသေးတယ်။ အဲ့ဒီအတွက်ကြောင့်မို့ မဲဆောက်မှာ အခြေစိုက်နေတဲ့ အခြားသော အရပ်ဘက် အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီကြဖို့ ဖိတ်ခေါ်ချင်တယ်။ ရုပ်အလောင်းကိစ္စကတော့ အခုချိန်မှာ ရှေ့နေတွေနဲ့ ရဲတွေက လာထုတ်ယူလို့ ရပြီဆိုပြီးပြောလာမှာကို စောင့်နေတယ်။ သူတို့ကနေ ဒါကို ခွင့်ပြုပြီဆိုတဲ့ အချိန် ၊ သက်သေအဖြစ်မလို အပ်တော့ဘူး။ မိသားစုကလည်း အဆင်ပြေပြီဆိုတဲ့ အချိန်ကျရင် ကျွန်မတို့ကလည်း ကျရာကဏ္ဍကနေပြီးတော့ တစ်တပ်တစ်အား ပါဝင်သွားမှာပါ” ဟု မသဉ္ဇာရွှန်းလဲ့ရည်က ဆက်လက်ပြောသည်။
မထက်ထက်ဇော်၏ ခင်ပွန်းဖြစ်သူ ဝဠာသည် ယခင်က တော်လှန်ရေးတပ်ဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်ပြီး ၎င်း၏ ရိုက်နှက်မှုကြောင့် ဧပြီ ၆ ရက်နေ့တွင် မထက်ထက်ဇော် သေဆုံးခဲ့ရခြင်းဖြစ်သည်။
မထက်ထက်ဇော် သေဆုံးပြီးနောက် လူသတ်မှုကျူးလွန်ခဲ့သော ခင်ပွန်းဖြစ်သူ ဝဠာသည် တော်လှန် ရေးနယ်မြေတွင် ဘုန်းကြီးဝတ်ကာ တိမ်းရှောင်နေခဲ့ပြီး Sisters to Sisters အဖွဲ့မှ မထိပ်ထားက ယင်းအမှုကို ထုတ်ဖော်ပြောဆိုပြီးနောက် Lion Battalion အဖွဲ့မှ ၎င်းကိုဖမ်းဆီး ထိန်းသိမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးကာ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်း အပ်နှံနိုင်ရေးအတွက် Lion Battalion စစ်ကြောင်း၊ ထိုင်းနိုင်ငံသား ဥပဒေရေးရာ အဖွဲ့အစည်း၊ ရဲစခန်းအသီးသီးနှင့် အမျိုးသမီးရေးရာပံ့ပိုးကူညီကြသည့် နယ်စပ်ရှိ အဖွဲ့ အစည်းများ၊ မေတ္တာဖြင့် ကူညီကြသည့် ဘာသာပြန်များ၊ NUG လက်အောက်ရှိ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ကရင်အမျိုးသမီးအစည်း အရုံးတို့ကလည်း ပူးပေါင်းပါဝင် ကူညီခဲ့ကြကြောင်း Sisters to Sisters အဖွဲ့ထံက သိရသည်။
ဓာတ်ပုံ – မထိပ်ထား
#မဲဆောက် #အိမ်တွင်းအကြမ်းဖက်မှု #ကျူးလွန်သူ #ထိုင်းအာဏာပိုင်ထံအပ်နှံ #sisterstosisters #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)