
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် မြို့နယ်စစ်ကောင်စီက တရားဝင်ခွင့်ပြုပေးထားသည့် လောင်း ကစားဝိုင်းကို တိုင်းရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင် ၆ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ လောင်းကစားဝိုင်းသည် မအူပင်မြို့နယ်စစ်ကောင်စီကို ငွေကြေးပေးကာ တရားဝင်ပြုလုပ်နေသောဖဲဝိုင်းဖြစ်သည်ဟုသိရပြီး အူပင်မြို့၊ မြို့သစ်ရပ်ကွက်ရှိနေအိမ်တွင်ပြုလုပ်ကာ တိုင်းအတွင်းမှ ငွေကြေးချမ်းသာသူများ၊စစ်တပ် ဗိုလ်မှူး၊ ရဲအရာရှိ နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ကစားနေသည့်နေရာတစ်ခုဖြစ်ကြောင်းဒေသခံတစ်ဦးထံက သိရသည်။
” မြို့နယ်အုပ်ချုပ်ရေးက ဗိုလ်မှူးသန့်ဇင်ထွန်း ကိုယ်တိုင် ၀င်ဆော့နေတာဖမ်းတော့ သူကလွတ်သွားတယ်။ အိမ်ထဲမှာတင် ဖဲဝိုင်း ရှစ်ဝိုင်းလောက်ရှိတယ်။ ငွေရေစက်နဲ့ တောင်ပိုက်ဆံရေရတာ။ တိုင်းအဆင့်ကို ပိုက်ဆံမပေးထားတော့ ဆင်းဖမ်းတာလို့ထင်တယ်” ဟု မအူပင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဖဲဝိုင်းကို ဧရာဝတီတိုင်း ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ငွေကြေးသိန်း၉၀၀၀ခန့်၊ငွေရေတွက်စက် နှစ်လုံး၊ကားနှင့်ဆိုင်ကယ်များလည်း သိမ်းဆည်းရမိပြီး ဖမ်းဆီးခံရသူများတွင် ရဲမှူး၊ နယ်ထိန်း၊ ယာဥ်ထိန်းနှင့် မအူပင်၊ ပုသိမ်၊ မော်ကျွန်း၊ ဖျာပုံ၊ ကျိုက်လတ်မြို့တို့မှ လောင်းကစားသမားများဖမ်းဆီးမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို မြို့နယ်စစ်ကောင်စီမှ အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးရန်အတွက် ညှိနိူင်းနေကြောင်း မအူပင်မြို့နယ် စစ်ကောင်စီနှင့် နီးစပ်သူများထံက သိရသည်။
#မအူပင်မြို့နယ်စစ်ကောင်စီ #တရားဝင်ခွင့်ပြုပေးထားသည့် #လောင်းကစားဝိုင်းကို #တိုင်းရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီး #Ayeyarwaddy_Times