
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ရှမ်းမြောက်၊ လားရှိုးမြို့နယ်၏ ခံတပ်စခန်းတစ်ခုဖြစ်သည့် ခမရ ၅၀၇ တပ်ရင်းကို ကိုးကန့်တပ်မတော် (MNDAA) က ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ ညပိုင်းက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့ (MNDAA) နှင့် ပူးပေါင်း အဖွဲ့တို့သည်ယမန်နေ့ ည ၇ နာရီဝန်းကျင်ခန့်က စစ်ကောင်စီ၏ ခမရ ၅၀၇ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“အဲဒီဌာနချုပ်က မြို့ရဲ့ခံတပ်စခန်းတစ်ခုပါ။ အဲ့ဒါကို ရရင် မြို့တဝက်ကို ရသလိုပဲ”ဟု စစ်ရင်းသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တပ်ရင်းရှိ စစ်ကောင်စီတပ်သားအချို့သည် စခန်းစွန့်ခွာထွက်ပြေးသွား ကြခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သည် လားရှိုးမြို့ရှိ နေအိမ်အချို့တွင် ကင်းပုန်းများ ချထားကြောင်း သိရသည်။
ညီနောင်မဟာမိတ်တပ်ဖြစ်သည့် MNDAA သည် လား ရှိုးမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် စစ်ကောင်စီ၏ တပ်ရင်းနှစ်ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။
ယင်းသို့ စစ်ကောင်စီ၏ ခမရ ၅၀၇ တပ်ရင်းဌာနချုပ်ကို MNDAA မှ သိမ်းပိုက် ရရှိသည်နှင့်ပတ်သက်၍ စစ်တပ်ထောက်ခံ လော်ဘီချန်နယ်များက အဆိုပါသတင်းသည် သတင်းအမှားဖြစ်ပြီး သိမ်းပိုက်ခံရသည်မှာမဟုတ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
စစ်ကောင်စီဘက်မှ လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲမှုများပြုလုပ်နေပြီး လက်ရှိတွင် မြို့ပေါ်ရှိ ရပ်ကွက် (၄) နှင့် (၇) ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် လားရှိုးမြို့ပေါ်တွင် တည်ရှိပြီး နောက်ဆုံးကျန်ရှိနေသည့် စစ်တိုင်းတစ်ခုဖြစ်ကာ တပ်သားအင်အားများတိုး၍ ခံစစ် ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်ခဲ့သည့် စစ်တိုင်းဖြစ်သည်။
လားရှိုးမြို့သည် ၁၀၂၇ စစ်ရေးပထမပိုင်းတွင် သိမ်းပိုက်ရန် နောက်ဆုံးကျန်ရှိနေသည့် မြို့ဖြစ်ပြီး ဟိုင်ဂင်သဘောတူစာချုပ်ကြောင့် မြို့သိမ်းတိုက်ပွဲများ ရပ်နားခဲ့ပြီး စစ်ကောင်စီဘက်မှ စာချုပ်သဘောတူညီချက်များကို ချိုးဖောက်ခဲ့သည့်အတွက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။
လက်ရှိတွင် တိုက်ပွဲများ လားရှိုးမြို့ပေါ်သို့ပင်ရောက်ရှိလာပြီဖြစ်ပြီး ပြင်းထန်လျှက် ရှိကာ ရပ်ကွက် (၄) ၊ (၅) ၊ (၆)၊ (၇) တို့သည် စိုးရိမ်ရသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ဒေသခံများအနေဖြင့် ထွက်ခွာ၍ရပါက အလုံခြုံဆုံး တိုက်နားသို့ ရွှေ့နေပေးကြပါရန် လားရှိုးမြို့ရှိ Freedom Youth Volunteers-FYV လူမှုကူညီရေးအဖွဲ့က အသိပေးထားသည်။
ပုံစာ- လားရှိုးမြို့ ရပ်ကွက် ၄ နှင့် ၇ တို့တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုပုံများ
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ခမရ၅၀၇တပ်ရင်း #MNDAA #ပူးပေါင်းအဖွဲ့ #သိမ်းပိုက် #Ayeyarwaddy_Times