ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇူလိုင် ၇ ရက်)

အများပြည်သူ အကျိုးအတွက်ဆိုပါက ကျန်းမာရေးနှင့်သက်ဆိုင်တဲ့ သတင်းတွေကို အမှောင်ဖုံးရမှာမဟုတ်ဘဲ အရှိကိုအရှိအတိုင်း ကျန်းမာရေးအသိ သတိပေး ပြောကြားရမှာပါ။ အဲ့ဒီလို ချက်ခြင်း ပြန်ကြားရမယ် ရောဂါတွေရှိပါတယ်။

🟥ကျန်းမာရေးသတိပေးပြန်ကြားရမည့်ရောဂါများ(Notifiable Disease)

မြန်မာနိုင်ငံမှာ ကြိုတင်ပြီးသတိပေးချက်တွေ ထုတ်ထားပြီး မဖြစ်ခင်တပ်လှန့်ထားပြီး ဖြစ်လာပါက အမြန်ဆုံးကုသပေးရမည့် ရောဂါတွေရှိနေပါတယ်။ အဲ့ဒီလို ရောဂါတွေကို အချိန်မဆွဲဘဲ အများပြည်သူအကျိုးအတွက် အမြန်ဆုံးကုသမှုပေးမှသာလျှင် ထိန်းချုပ် နိုင်မှာမို့ “ကျန်းမာရေးသတိပေးပြန်ကြားရမည့်ရောဂါ ” လို့ ခေါ်ကြပါတယ်။

ချောင်းဆိုးသွေးပါ အဆုတ်‌တီဘီရောဂါ ၊ ငှက်ဖျား ၊ သွေးလွန်တုပ်ကွေး၊ ဝက်သက် ရောဂါ ၊ ကာလဝမ်းရောဂါ ၊ ဝမ်းပျက်ဝမ်းလျှော ၊ ရာသီတုပ်ကွေးနဲ့ ဂျပန်ဦးနှောက် အမြှေး‌ရောင်ရောဂါ စတာတွေဟာ “ကျန်းမာရေးသတိပေး ပြန်ကြားရမည့်ရောဂါ “တွေဖြစ်ကြပါတယ်။

လူတစ်ဦးတစ်ယောက်ကို မကုဘဲထားပါက အနီးပတ်ဝန်းကျင်က လူမှုဝန်းကျင် တစ်ခုလုံးကို ကူးစက်ထိခိုက်ဒုက္ခရောက်နိုင်တာကြောင့် စနစ်တကျကိုင်တွယ် ဖြေရှင်းရမယ့် ရောဂါတွေဖြစ်ပါတယ်။

ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ဟာ ပြိုလဲမှု အခြေအနေမှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ကုသရေးဌာနတွေသာမကဘဲ ပြည်သူ့ကျန်းမာရေးဌာနတွေပါ ယိုင်နဲ့ပျက်စီးနေတဲ့ သာဓကတစ်ခုကို အနီးစပ်ဆုံးပြရမယ်ဆိုပါက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ရခိုင်မှာဖြစ်ပေါ် ခဲ့တဲ့ မိုခါဆိုင်ကလုံးမုန်တိုင်းရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက ထင်ဟပ် လျှက် ရှိနေပါတယ်။

🟥ကာလဝမ်းရောဂါ

ကာလဝမ်းရောဂါဆိုတာ “Vibrio cholerae” (ဗစ်ဘရီဝို ကော်လရေး) ဆိုတဲ့ ဘတ်တီးရီးယား ပိုးကူးစက်ခြင်းကြောင့် ဖြစ်ရတဲ့ဝမ်းရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် ကူးစက်မြန်တာကြောင့် ကမ္ဘာကပ်ရောဂါအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။ ကာလဝမ်းရောဂါကို မကုသပါက နာရီပိုင်းအတွင်း လူနာအသက်ဆုံးရှုံးနိုင်ပါတယ်။

အခုရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ ကာလဝမ်းရောဂါဖြစ်ပွားနေတဲ့အကြောင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ ပြောကြားချက်တွေကို ကြားသိရပါတယ်။

ဝမ်းပျက်ဝမ်းလျှော ပြင်းထန်ဆိုးရွားခြင်းကိုပင် ကာလဝမ်းရောဂါလို့ အထင်မှား ခြင်းလည်းဖြစ်နိုင်ပါတယ်။

အကယ်၍ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန NHL မှာ လူနာဆီက ဝမ်း နမူနာယူပြီး စစ်ဆေးချက်အရ ကာလဝမ်းရောဂါ ကျိန်းသေပြီဆိုပါက Notifiable Disease ကျန်းမာရေးသတိပေးပြန်ကြားရမည့်ရောဂါအဖြစ် အများပြည်သူကို အရေးတကြီး သတင်းအဖြစ် မဖြစ်မ‌နေကို ဖြန့်ဝေပေးရမှာဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ စသည်ဖြင့် မည်သည့် ဝမ်းရောဂါ ပင်ဖြစ်ပါစေ ထိန်းချုပ်ကာကွယ်ရန်အတွက် ရေသန့်၊ လက်သန့်၊ အစာသန့်၊ အိမ်သာ သန့်ဆိုတဲ့ သန့်လေးသန့် ကျန်းမာရေးပညာ‌ပေးကို လက်ခံကျင့်သုံးဖို့ အရေးကြီး ပါတယ်။

ကာလဝမ်းရောဂါ ဘက်တီးရီးယားက ရေနဲ့ အစားအစာတွေမှာ ကပ်တွယ်ပြီး တစ်ဆင့် ကူးစက်တတ်တာဖြစ်ပါတယ်။ Vibrio cholerae – O1 နှင့် O139 အမျိုးအစားက ပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုဖြစ်စေတတ်ပါတယ်။

ရောဂါပိုးက သောက်သုံးရေ နဲ့ အစားအစာမှာ အတူတူ ပါဝင်လာပြီး လူတွေကို ကူးစက်ပါတော့တယ်။ကူးစက်ခံရပြီး ရက်ပိုင်းအတွင်း ဆန်‌ဆေးရည်လို ဖြူနေတဲ့ အနံ့ဆိုးဆိုးဝမ်းအရည်တွေက ရေဘုံဘိုင်ဖွင့်လိုက်သလိုဒလဟောသွားပါတယ်။ ဒီဝမ်း အရည်တွေနဲ့အတူ အန်ထုတ်လိုက်တဲ့ အန်ဖက်တွေက ရောဂါပိုးကူးစက်စေပါတယ်။

ရောဂါပိုးကူးစက်ပါက ဗိုက်အောင့်၊ ဗိုက်နာ၊ ခေါင်းမထူနိုင်ဘဲ အားအင်လျော့နည်း ပျော့ခွေ နုံးချိကိုက်ခဲတာ၊ ခြေသလုံးကြွက်တက် ဆီးမသွားတော့ဘဲ သွေးပေါင်ချိန် ကျဆင်းတာဖြစ်ပါမယ်။ အရေးပေါ် ကုသမှုကိုလိုအပ်ပြီး သွေးလန့်ခြင်းကို အချိန်မီ မကုပါက အသက်သေဆုံးနိုင်ပါတယ်။

🟥ကာလဝမ်းရောဂါကုသမှု

ဝမ်းလျှောလျှင် ရေဓာတ်ကုန်ဆုံးသွားပါတယ်။ ကုန်ဆုံးသွားသမျှအရည်တွေကို ပြန်ဖြည့်ပေးဖို့က အဓိကအရေးကြီးဆုံးဖြစ်ပါတယ်။ ဓာတ်ဆားရည် အလုံ အလောက် သောက်ပေးခြင်း၊ သွေးကြောထဲကို လိုအပ်တဲ့ ပမာဏအတိုင်းတွက်ချက်၍ ဆေးရည် သွင်း (ပုလင်းချိတ်)ကုသခြင်းဖြင့် လူနာအသက်ရှင်အောင် ကုသရပါတယ်။

Zinc သွပ်ဓါတ်ဖြည့်တင်းဆေး နဲ့ အူအကျိုးပြုဘတ်တီးရီးယား‌ဖြည့် Normal Floral ပါဝင်တဲ့ ဆေးတွေသောက်သုံးနိုင်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသဆွေးနွေးပြီး ဘက်တီးရီးယားပိုး-ကာလဝမ်းရောဂါအတွက် ကုသရမယ့် ပိုးသတ် ဆေးများကို အချိန်မှန်မှန်‌ ဆေးပမာဏမှန်မှန် သောက်သုံးရမှာဖြစ်ပါတယ်။

🟥ဝမ်းပျက်ဝမ်းလျှော‌ရောဂါ

မနှစ်က အကြီးအကျယ်ပျံ့နှံ့ခဲ့တဲ့ Adenovirus နှင့် Norovirus ,Rotavirus တွေကြောင့်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရပါတယ်။ ဗိုင်းရပ်စ်ပိုး အပြင် အဆိပ်မိခြင်း၊ အစာအဆိပ်သင့်ခြင်း နဲ့ ဘက်တီးရီးယားပိုး ကူးစက်ဝင်ရောက်ခြင်းတို့ကြောင့် ဝမ်းပျက် ဝမ်းလျှောဖြစ်ရပါတယ်။ Rotavirus ရိုတာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးထိုးနှံကာ ကလေးငယ်များအတွက် ဝမ်းပျက်ဝမ်း‌လျှောကို ကာကွယ်နိုင်ပါတယ်။

🟥သန့်လေးသန့်ဆိုတာ

၁။ ရေကောင်းရေသန့်
ရေကောင်းရေသန့်ကိုသာသောက်ပါ။ ရေကိုကြိုချက်သောက်ပါ။ ကလိုရင်းဖြင့် စနစ်တကျပိုးသတ်ထားသောရေကိုသောက်ပါ။ ဆေးကြောသန့်စင်ဖို့အတွက် လိုအပ်တဲ့သုံးရေသန့်ရှင်းရေးကလည်းအရေးကြီးပါတယ်။

၂။ လက်သန့်
နေ့စဉ်ကိုင်တွယ်လှုပ်ရှားနေရတဲ့ အဓိကအင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး မကြာမကြာ‌ ဆေးကြောသန့်စင်ပေးရပါမယ်။ လက်တစ်ခါ‌ ဆေးတိုင်း လက်နဲ့ဆပ်ပြာ အမြုပ်ထိတွေ့ချိန် စက္ကန့်နှစ်ဆယ် ထားမှသာ ပိုးမွှားတွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ မကြာခဏလက်‌ဆေးတာကို အကျင့်လုပ်ပေးပါ။ အစား အသောက်မကိုင်တွယ်မီ မချက်ပြုတ်မီ၊ အိမ်သာတက်အပြီး၊ လူနာပြုစုအပြီး မှာ မပျက်မကွက်လက်ဆေးရပါမယ်။

Hand Gel ရေမလို့လက်သန့်ဆေးရည် လိုမျိုး အရက်ပြန် ပါဝင်တဲ့ လက်သန့် ဆေးရည်တွေကိုလည်း သုံးနိုင်ပါတယ်။ လက်သည်းများကို လည်း ချေးညော်မကပ် တွယ်စေရန် ပုံမှန်ညှပ်ထားပေးရပါမယ်။

၃။ အစားအစာသန့်

အစားအစာတွေကို ပိုးသေပြီး လုံးဝကျက်သည် အထိချက်ပြုတ်ပြီးမှသာ စားပါ။ ခရု၊ ပင်လယ်စာ၊ အသားစိမ်း၊ ငါးစိမ်းတွေကို မစားဖြစ်အောင်ရှောင်ပါ။ အသီးအနှံ တွေကိုလည်း မစားမီရေနဲ့ ဦးစွာဆေးကြောပါ။ စားစရာများကို ယင်မနားအောင် ဖုံးအုပ်ထားပါ။

၄။ အိမ်သာသန့်

ဝမ်းမှတဆင့်ရောဂါကူးစက်တတ်တာကြောင့် အိမ်သာသန့်ရှင်းရေးကလည်း ကျန်းမာရေး အတွက်အလွန်ကို အရေးပါပါတယ်။ ယင်လုံအိမ်သာများ စနစ်တကျအသုံးပြုရန်၊ အိမ်သာအသုံးပြုပြီးတိုင်းလည်း စနစ်တကျဆေးကြောသန့်ရှင်းရန်၊ မိလ္လာစွန့်ပစ် သန့်ရှင်းခြင်း စနစ်အတိုင်း စနစ်တကျပူးပေါင်းပါဝင်ရန်တို့ လိုအပ်ပါတယ်။

ယခုလို မိုးတွင်းမိုးများချိန်၊ မြစ်ရေကြီး ရေတက်ချိန် ရေလွှမ်းမိုးခံရချိန်တွေမှာ ဝမ်းရောဂါတွေလည်း ဖြစ်နိုင်ခြေများတာကြောင့် ကျန်းမာရေးကို အထူး ဂရုစိုက်ကြဖို့ အသိပေးတိုက်တွန်းလိုပါတယ်။

🟥မြို့ကိုစွန့်ခွာစစ်ပြေးချိန်နှင့်ဝမ်းရောဂါ

နေရာတိုင်းက စစ်မြေပြင်ဖြစ်လာတဲ့ အခါ အရပ်သားပြည်သူတွေအနေနဲ့ စစ်ရှောင်၊ စစ်ပြေးနေစဉ်မှာ ဝမ်းရောဂါနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ရခိုင်နယ်မြေနှင့် ချင်းနယ်မြေ ဒေသအချို့မှာ ဝမ်းရောဂါကြောင့်အသက်ဆုံးရှုံးရသူတွေ ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်း သာကေတမြို့နယ်နဲ့ နီးစပ်တဲ့ မြို့နယ်တွေမှာ ဝမ်းရောဂါကြောင့် အစုအပြုံလိုက် ဆေးရုံတင်ကုသရနေတယ်ဆိုတဲ့ သတင်းတွေကို ကြားနေရပါတယ်။ ဒါကြောင့် ရောဂါကွင်းဆက်အဖြစ် ကူးစက်နိုင်တဲ့အကြောင်းအရင်းကို ရှာဖွေနေပြီး ကာလဝမ်းရောဂါဟုတ်သည်ဆိုပါက အများပြည်သူ ကောင်းကျိုးအတွက် ကြေညာ ပညာပေးပြီး ကာကွယ်နှိမ်နှင်း ကုသထိန်းသိမ်းရမည့်လုပ်ငန်းများဆက်တိုက် အကောင် အထည်ဖော်ရမှာဖြစ်ပါတယ်။

ဒါကြောင်း အများပြည်သူတွေ လိုက်နာရမယ့် ယခုလို မိုးကာလမှာ ပိုမို ဂရုပြုသင့်တဲ့ အသိပညာအချို့ ဝေမျှလိုပါတယ်။

မကြာခဏ လက်ဆေးပါ။ အစားအသောက်သန့်သန့်ရှင်းရှင်းစားသောက်ပါ။ ရေနဲ့ အစားအသောက် ထည့်စရာ အိုးခွက်ပန်းကန် သန့်ရှင်းစင်ကြယ်ရေး ကိုလည်း ဂရုပြုပေးရပါမယ်။ စစ်ဒဏ်ကြောင့်ပြေးရှောင်စဉ်အတွင်းမှာ ကျန်းမာရေးကို ဂရုစိုက် ကြပါ။ လမ်းဘေးအစာ၊ ယင်နားစာ၊ လက်လုပ်အချဉ်တွေနဲ့ မလတ်ဆတ်တဲ့ အစား အသောက်တွေကိုရှောင်ပါ။ ‌ရေကြီး ရေလျှံဖြစ်ပေါ်တတ်တဲ့ ဒေသတွေမှာ သန့်လေး သန့်ကို စနစ်တကျ ကျင့်သုံးကြပါလို့ တိုက်တွန်းလိုပါတယ်။

ယခုတစ်ပတ်အတွက် မဖော်ပြဖြစ်ခဲ့တဲ့ ကော်ဖီနှင့်သင့်ကျန်းမာရေး ဆောင်းပါကိုတော့ နောက်တစ်ပတ်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဧရာ၀တီတိုင်းမ် ပရိသတ်များ အားလုံးနဲ့ နိုင်ငံသူ နိုင်ငံသားများအားလုံး ကပ်ရောဂါများမှကျော်လွှားနိုင်ပြီး ကျန်းမာတဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ထိတ်လန့်ဖွယ်ရာကာလဝမ်းရောဂါ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times

(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)