
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၈ ရက်
မြန်မာနိုင်ငံ ဒေသအနှံ့အပြားရှိ စစ်မျက်နှာပြင်အသီးသီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေကြေဒဏ်ရာရမှု များပြားနေခြင်း၊ ကျန်ရစ်သူမိသားစုများ ဒုက္ခရောက်ကြခြင်းတို့ကြောင့် စစ်ကောင်စီတပ်တွင်း၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ရုပ်ရော အသံပါ မကြားချင်လောက်အောင် စိတ်ပျက်နေပြီဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းမှ မြို့ပေါင်း ၁၇ မြို့ထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီဘက်မှ သေကြေ၊ ဒဏ်ရာရမှု၊ စစ်စခန်း လက်လွှတ်ခဲ့ရမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးနစ်နာမှုပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည်။
လက်ရှိတွင် ဇွန်လနောက်ဆုံးပတ်မှစတင်၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်ပွားနေပြီး တော်လှန်ရေး တပ်များမှာ ရှမ်းပြည်နယ်သာမက မန္တလေးတိုင်းရှိ မတ္တရာ၊ စဉ့်ကူးစသည့်ဒေသများကိုပါ ထိုးဖောက် တိုက်ခိုက်ကာ နယ်မြေစိုးမိုးမှု ပိုမိုကျယ်ပြန့်လာခဲ့သည်။
ထိုကဲ့သို စစ်ကောင်စီတပ်များ တိုက်တိုင်းရှုံးဖြစ်နေခြင်း၊ သေကြေဒဏ်ရာရမှု၊ အလံဖြူထောင် လက်နက်ချမှု များပြားနေခြင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အသုံးမကျ၍ဖြစ်ကြောင်းနှင့် ၎င်းအပေါ် တပ်အောက်ခြေ စစ်သည်များနှင့် မိသားစုအများအပြားက အယုံအကြည် လုံး၀မရှိတော့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ပြောဆိုသည်။
“အခုက တပ်အောက်ခြေစစ်သည်တွေက တပ်ချုပ် (မင်းအောင်လှိုင်) ကို လုံး၀ အယုံအကြည် မရှိတော့ဘူး။ အခုလို တပ်ဖက်က တောက်လျှောက်ရှုံးနေတာ သူ (တပ်ချုပ်) အသုံးမကျလို့ဆိုတာ သဘောပေါက်နေကြပြီ။ သူမလုပ်နိုင်တာကို နေရာလည်း ဖယ်မပေးဘဲ ဖက်တွယ်ထားတယ်။ အဲတော့ အခုဆို အောက်ခြေမှာက တပ်ချုပ် (မင်းအောင်လှိုင်) ကို ရုပ်လည်း မမြင်ချင်ဘူး၊ အသံကို မကြားချင်တော့ဘူး ဖြစ်နေကြပြီ”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုုင်းတုံတပ်နယ်မှ တပ်မိသားစုဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ဝန်ကြီးချုပ်ရာထူးသာယူထားရန်နှင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုကာချုပ် စိုးဝင်းအား ပေးအပ်ရန် မဘသ ဆရာတော်များနှင့် စစ်တပ်ထောက်ခံသူများက တောင်းဆိုခဲ့ကြသည်။
သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ဦးဆောင်တောင်းဆိုသူများကို သတိပေးခြင်း၊ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် နောက်ပိုင်းတွင် ပြည်တွင်းရှိ တပ်ထောက်ခံသူများထံမှ အဆိုပါဝေဖန်သံများ တိတ်ဆိတ်သွားခဲ့သည်။ သို့သော် ပြည်ပရောက် တပ်ထောက်ခံသူတချို့ကတော့ မင်းအောင်လှိုင် ရာထူးမှနှုတ်ထွက်ပေးရန် ဆက်လက်ဝေဖန်ပြောဆိုနေဆဲ ဖြစ်သည်။
“အရင်ကတော့ သာသနာပြုမင်းလိုလို လုပ်နေတာတွေက ပျော့တယ်၊ လုပ်တာကိုင်တာ မထိရောက်ဘူး ဝေဖန်ကြတာ။ တကယ်က ဘာလုပ်လုပ်မနိုင်တာ။ သူတက်မှဘဲ စစ်တပ်လည်း ပြုတ်ပြုတ်ပြုန်းပြီး အရှက်ကွဲရတယ်။ သူလုပ်နိုင်တာဆိုလို့ ကိုယ့်လူတွေပြန်ဖမ်းမယ်၊ မသင်္ကာ တဲ့သူကို ဆွဲဖမ်းမယ် ဒါလောက်ပဲရှိတာ။ အခုလို နယ်မြေသိမ်းတာတွေလည်း အသက်ပေးပြီးသာ တိုက်နေကြတာ၊ ဖြစ်လာရင် ဘာမှမလုပ်ပေးဘူး။ မိသားစုတွေရှောင်ဖို့ ကိုယ်တိုင်ပဲလုပ်ရတာ။ ဖြစ်လာရင်သာ ဖမ်းတာ။ အထဲမှာ သူ့ထောက်ခံတဲ့သူမရှိသလောက်ဘဲ”ဟု အလယ်ပိုင်းတိုင်းစ်စဌာနချုပ် (လပခ) လက်အောက် တပ်ရင်းတစ်ခုမှ စစ်တပ်အရာရှိတစ်ဦးက ပြောသည်။
လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် တအောင်းတပ် TNLA၊ ကိုးကန့်တပ် MNDAA နဲ့ မန္တလေး PDF တပ်များက လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နဲ့ မတ္တရာမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ရေး အပြင်းအထန် တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။
#Ayeyarwaddy_Times #၁၀၂၇ #ဒုတိယလှိုင်း #မင်းအောင်လှိုင် #တပ်တွင်းထောက်ခံမှု