ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်

ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများတွင် ဇူလိုင် ၇ ရက်နေ့ တစ်ရက်အတွင်း ဝမ်းပျက်ဝမ်း လျှောရောဂါဖြင့်ဆေးရုံတက်ရောက်လာသူ လူနာအသစ် ၄၄ ဦးရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ လူနာ ၄၄ ဦးအနက် နှစ်ဦးသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ပြီး ၄၂ ဦးမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ လူနာများ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၂၆ ရက်မှစတင်ကာ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများဖြစ်ပွားကြောင်းသိရပြီး ၁၀ ရက်အကြာ ဇူလိုင် ၆ ရက်နေ့တွင် ကာလဝမ်းပျက်ဝမ်းလျှောရောဂါပိုး (cholera) ရှိသူ ငါးဦးတွေ့ရကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၆ ရက်နေ့တွင် ထုတ်ဖော် ပြောကြားထားသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် ဒေါပုံမြို့နယ်တွင် ဇူလိုင် ၄ ရက်မှ ၆ ရက်နေ့အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့်ဆေးရုံတက်ရသူ လူနာအများဆုံး ဖြစ်ကြောင်း သိရသည်။

” ဒီဝမ်းပျက်ဝမ်း‌ရောဂါက လူအချင်းချင်းမကူးဘူး။ သူကိုဖြစ်စေတဲ့ ပိုးကနေပဲ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တာ။ ကိုဗစ်လို လူတွေအချင်းချင်းမကူးဘူး။ မိုးတွင်း လည်းဖြစ်တော့ ယင်နာစာ‌တွေမစားတာကောင်းတယ်။ သန့်ရှင်းတဲ့နေသောက်ဖို့လို တယ်။ ပိုးရှိနေတဲ့တစ်ခုခုကို စားသောက်မိရင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နိုင်တယ်” ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဝမ်းပျောက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် လူနာများ‌နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်နှင့် နေအိမ်များတွင် ကူးစက်ပုံမေးခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်း၊ အနီးကပ် ထိတွေ့သူများကိုဆေးစစ်ခြင်း၊ အနီးပတ်ဝန်းကျင်တွင် လူနာအသစ်ရှာဖွေခြင်းပြုလုပ်ခဲ့ ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

” ကျွန်မတို့ဘက်မှာ အခုပဲ ဝမ်းရောဂါနဲ့ပတ်သက်တာကို စစ်ကောင်စီက ကားနဲ့ လိုက်အော်နေတယ်။ သေချာရှင်းပြတာမဟုတ်ဘူး။ အော်ပြေးပြေးတာ နားထဲမှာ ‘မသန့်ရှင်းသောအစာ၊ မသန့်ရှင်းသောလက်’ ဆိုတာပဲကြားရတယ်” ဟု သန်လျင်မြို့နယ်၊ တာ၀တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊သန့်ရှင်းရေး အတွက် ကလိုရင်းဆေးခတ်ခြင်း၊ ရေသန့်ဆေးပြားဝေခြင်းအပါအဝင်အစားအစာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရန် ကာကွယ်ရာတွင် လက်ကိုဆပ်ပြာဖြင့် သေချာဆေးရန်၊ သောက်သုံးရေကျိုချက်သောက်ရန်၊ အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများကို သေသေချာချာစွန့်ပစ်ရန်၊ အစားအသောက်ကို သန့်ရှင်းစွာကိုင်တွယ်ရန်နှင့် ယင်နား စာမစားခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က သာမန်ဝမ်းပျက်ဝမ်းလျှောလူနာ ၆၃ ဦးရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

#ပြင်းထန်ဝမ်းပျက်ဝမ်း‌‌လျှောရောဂါ #ကာလဝမ်းရောဂါပိုး #အစာသန့် #ရေသန့် #လူနာအသစ်၄၄ဦး #Ayeyarwaddy_Times