
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
မန္တလေးနန်းတွင်းမှ စစ်ကူထွက်လာသည့် သံချပ်ကာ ကားနှစ်စီးပါဝင်သည့် စစ်ကြောင်း ကို ရှမ်းမန်းစစ်ဆင်ရေးအဖြစ် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က မန္တလေးနန်းတွင်းမှထွက်လာသည့် စစ်ကူစစ်ကြောင်းမှ သံချပ်ကာကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာ ကားတစ်စီးပျက်စီးခဲ့ပြီး စစ်ကြောင်း နောက်ပြန်ဆုတ်သွားရကြောင်း ရှမ်းမန်းစစ်ဆင်ရေး က ထုတ်ပြန်ထားသည်။
“လက်နက်ကြီးနဲ့ သုံးလေးကြိမ်လောက် ပစ်လိုက်တာ သံချပ်ကာကားတစ်စီးက လုံးဝ မောင်းမရတော့ဘဲ ကျန်တစ်စီးနဲ့ဆွဲပြီး တပ်ဆုတ်သွားတယ်။ နောက်နေ့ထပ်တက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်တာ စစ်တပ်ကလူတွေ အဖမ်းခံရတယ်”ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ စစ်ကူလာသည့် သံချပ်ကာကားနှစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အာပီဂျီ 7 ဖြင့် သုံးကြိမ်ပစ်ခတ်တိုက်ခိုက် ဖြတ်တောက်ခဲ့ရာ သံချပ်ကာ ကားတစ်စီး၏ ဘီးများ မောင်းမရတော့သည်အထိ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်ငယ် ငါး လက်ပါ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇူလိုင် ၇ ရက်နေ့ကလည်း စစ်ကောင်စီ၏ စစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့ နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ စစ်သုံ့ပန်းများနှင့် လက်နက်ငယ် လေးလက်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယခု ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကို ဂျနီဗာကွန်ဗန်းရှင်းနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ထားပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ပြည်သူကိုအလုပ်အကျွေး ပြုရန် ဆက်လက်ကြိုးစားဆောင် ရွက်လျက် ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါရှမ်းမန်း စစ်ဆင်ရေးကို ပြင်ဦးလွင်ခရိုင်ပကဖ၊ မတ္တရာမြို့နယ်ပကဖ၊ မတ္တရာ မြို့နယ်တိုက်နယ်-၂ ပကဖ၊ ပြင်ဦးလွင်ခရိုင် အမှတ်(၁) နှင့်ပူးပေါင်းအဖွဲ့တို့ မှ စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ရှမ်းမန်းစစ်ဆင်ရေး
#ရှမ်းမန်းစစ်ဆင်ရေး #စစ်ကောင်စီ #စစ်ကူစစ်ကြောင်း #သံချပ်ကာကား #တော်လှန်ရေးတပ်ဖွဲ့ #ကြားဖြတ်တိုက်ခိုက် #Ayeyarwaddy_Times