ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့အကျဉ်းထောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က မြို့အတွင်းကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်နေကြောင်း သိရသည်။

သံတွဲမြို့ အတွင်းသို့ ယမန်နေ့ ဇူလိုင် ၇ ရက် ညနေပိုင်းအချိန်က စတင်၍ လက်နက်ကြီးများဖြင့် စစ်ကောင်စီက ပစ်ခတ်ခဲ့သည့်အတွက် မြို့ပေါ်ရှိရပ်ကွက်များ အတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရသည်။

“အကျဉ်းထောင်ထဲကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တာ။ ပြီးတော့ လက်နက်ငယ်သံတွေလည်း ဆက်တိုက်ကြားရတယ်။ ငပလီဘက်ကို ပစ်ကူပေးနေ တယ်လို့ ပြောသံကြားတယ်။ မြို့ထဲမှာတော့ ပိတ်မိနေတဲ့သူတွေ ရှိနေတုန်းပဲ။ သံတွဲမြို့ထဲ လက်နက်ကြီးကျတာတွေ ရှိတယ်လို့ကြားတယ်။ လူအသေအပျောက်တော့ မသိရသေး ဘူး”ဟု သံတွဲဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် သံတွဲမြို့အကျဉ်းထောင်တွင် တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် ငပလီကမ်းခြေနှင့် ဂေါ့ကမ်းခြေရှိ AA တပ်ဖွဲ့ဝင်များ ရှိသည်ဟုထင်မှတ်ရသည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လကစ၍ စစ်ကောင်စီတပ်က သံတွဲ အကျဉ်းထောင် အတွင်း အထိုင်ချနေရာယူထားပြီး လက်နက်ကြီးများ တပ်ဆင်ကာ မြို့အတွင်းကိုပစ် ခတ်နေကြောင်း သိရသည်။

လက်ရှိတွင် သံတွဲမြို့၌ တစ်ခုတည်းသာကျန်တော့ သည့် ခလရ ၅၅ တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက် ခိုက်လျက်ရှိပြီး ထွက်ပြေးလွတ်မြောက်နေသည့် စစ် ကောင်စီတပ်သား များကို လိုက်လံချေမှုန်းလျက်ရှိ ကြောင်း သိရသည်။

စစ်ကောင်စီသည် သံတွဲမြို့မကျစေရေးအတွက် တပ်ရင်းအများအပြားနှင့် ကြည်း၊ရေ၊ လေမှ နေ၍ ခုခံတိုက်ခိုက်နေသည့်အတွက် သံတွဲမြို့သိမ်းတိုက်ပွဲသည် AA အတွက် ခက်ခဲသော မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း သိရသည်။

#ရခိုင် #သံတွဲအကျဉ်းထောင် #စစ်ကောင်စီတပ်စွဲ #မြို့ပေါ် #လက်နက်ကြီး #ပစ်ခတ် #Ayeyarwaddy_Times