
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၈ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်တွင် အသက်မပြည့်သေးသည့် လူငယ် ရှစ်ဦးကို စစ်မှုထမ်းရန်တွက် Zomi Revolutionary Army -Eastern Command (ZRA-EC)အဖွဲ့မှ ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရှိရသည်။
တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာတွင် ဇူလိုင်လ ၆ ရက်နေ့က ZRA-EC အဖွဲ့မှ ကျေးရွာတွင်းရှိ လူငယ်များကို ခေါ်ယူပြီး ၎င်းတို့ထံ စစ်မှုထမ်းရန်အတွက် တစ်အိမ်တစ်ဦးနှုန်းဖြင့် မဲနှိုက်ခိုင်းကာ မဲပေါက်သည့် လူငယ် ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
“ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တွေက ၁၃ နှစ်၊ ၁၄ နှစ် အရွယ် ကလေးတွေချည်း။ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိဘူး။ မိဘတွေကလည်း သူတို့သားတွေအတွက် စိတ်ပူပြီး ငိုယိုနေကြတယ်။ ရွာသားတွေလည်း အခုလို ကလေးလူငယ်တွေကို ဖမ်းဆီးခေါ် ဆောင်သွားတာကို စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ZRA-EC အဖွဲ့၏ စစ်မှုထမ်းရန် ယခုကဲ့သို့ ကလေးလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် တုန်းဇန်ကျေးရွာရှိ ဒေသခံပြည်သူများသည် စိုးရိမ်ထိတ်လန့်နေသောကြောင့် တခြားကျေးရွာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယင်းအပြင် တီးတိန်မြို့နှင့် ဆက်စပ်လျက်ရှိသည့် တွန်းဇံမြို့နယ်က ကျေးရွာများတွင်လည်း ZRA-EC တပ်ဖွဲ့မှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခြင်း၊ လူစာရင်းကောက်ခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံက သိရှိရသည်။
“ရွာတွေဘက်မှာ ZRA-EC အဖွဲ့ကနေပြီး သူတိုဆီ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတယ်။ ပြီးတော့ တစ်အိမ်တစ်ယောက်နှုန်းနဲ့ နာမည်စာရင်းတွေ လိုက်ကောက်သွားတယ်။ အဲ့ဒီ စာရင်းကောက်သွားတဲ့ထဲ ကလေးတွေလည်း အများကြီးပါတယ်” ဟု တွန်းဇံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းလဲန်ကောင်စီ(CC) သိမ်းပိုက်ရရှိထားသည့် တွန်းဇံမြို့ကို ZRA အဖွဲ့မှ ပြန်လည်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် စစ်ဘေးရှောင်များက နေရပ်မပြန်ကြသေးကြောင်း ဒေသခံများကဆိုသည်။
#တီးတိန်မြို့ #အသက်မပြည့်သေးသည့် #လူငယ် ၈ ဦးကို #စစ်မှုထမ်းရန် #ZRAအဖွဲ့ #ဖမ်းဆီးခေါ် ဆောင်
#Ayeyarwaddy_Times