
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
စစ်ကောင်စီ၏ဗဟိုဘဏ်က ငွေသားလိုအပ်ချက်ကိုလျှော့ချလိုပြီး ကျပ်ငွေနည်းလာ သော ပုဂ္ဂလိကဘဏ်များက ငွေထုတ်ယူမှုကို ကန့်သတ်လိုက်ကာ ယခုရက်ပိုင်းအတွင်း ဘဏ်အကောင့်တစ်ခုလျှင် ကျပ်ငွေ သိန်း ၂၀ သာထုတ်ပေးကြောင်း ဘဏ်များမှနေ၍ ငွေသားသွားရောက် ရောက်ထုတ်ယူသူများထံက သိရသည်။
ဘဏ်များသည် ငွေထုတ်ယူမှုကို ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းမှစတင်ကာ ကန့်သတ် လာပြီး တစ်ဘဏ်နှင့်တစ်ဘဏ် ငွေထုတ်ပေးနှုန်း ပမာဏ တူညီမှုမရှိသော်လည်း ယခင်တစ်ပတ် က ကျပ်သိန်း ၅၀ အထိထုတ်ပေးပြီး ယခုတစ်ပတ်တွင် ကျပ် သိန်း ၂၀ သာ ထုတ်ပေး လျှက်ရှိကာ A Bank က ငွေထုတ်ပေးခြင်းမရှိကြောင်း သိရသည်။
“အရင်တုန်းကထုတ်ပေးတယ်။ ကျပ်သိန်း ၅၀ အထိ၊ အခုကပြန်ကန့်သတ် လိုက်ပြန် တယ်။ ကြိုပြီးမသိရတော့ အခက်အခဲဖြစ်တယ်။ အခု ဧရာဝတီက တစ်ခါထုတ် သိန်း ၂၀ တစ်ပတ်တစ်ရက်ပဲထုတ်ပေးတယ်။ သိန်း ၂၀ က ငွေလည်ပတ်ဖို့ ရှင်းဖို့။ ဘာမှလုပ်လို့ ရတဲ့ အခြေအနေမဟုတ်ဘူး” ဟု ဘဏ်ဝန်ဆောင်မှုအသုံးပြုသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြည်တွင်းဘဏ်များတွင် ငွေစုအပ်ငွေနှုန်းလျော့ကျလာပြီး ဘဏ်များတွင် ကျပ်ငွေလက်ခံ ရရှိမှုနည်းလာသဖြင့် ဘဏ်များငွေသားလိုအပ်ချက် လျော့ချနိုင်ရန်အတွက် ငွေသား ထုတ်ယူမှုကိုထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ငွေကြေးမူဝါဒနားလည်သူတစ်ဦး ထံက သိရသည်။
“ Cash in hand (လက်ထဲရှိငွေ) ဘဏ်တွေမှာ နည်းလာရင် ဗဟိုဘဏ်ဆီက ငွေသားပြန်လှည့်ရတယ်။ ငွေသားလိုအပ်ချက်ပြည့်မီဖို့ ဗဟိုဘဏ်ကငွေသား ထပ်ရိုက် ရတယ်။ အဲဒီအခါ backup Currency (အရန်ငွေ) မရှိဘဲရိုက်တော့ inflation (ငွေကြေးဖောင်းပွမှု) မှာပြန်ထိတာမို့ ဗဟိုဘဏ်က ငွေသားးရိုက်နှိပ်တာကိုဖြစ်နိုင်သမျှ လျော့ချင်တယ်။ အလွယ်နည်းနဲ့ ငွေသားထုတ်တာထိန်းချုပ်လိုက်တယ်။ ပြည်သူလူထု အပ်ငွေများအောင် အတိုးနှုန်းမြင့်ရမှာ အခုလူထုကလည်း ဘယ်သူမှမယုံဘူး။ ဘဏ်တွေ အပေါ် လူထုယုံကြည်မှုကျ။ အတိုးနှုန်းမြင့်လည်းတော်ရုံလူက မအပ်တော့ဘူး” ဟု ငွေကြေးမူဝါဒနားလည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီသည် ငွေသားလိုအပ်ချက်လျော့ချပြီး အွန်လိုင်းငွေကြေးစနစ်တွင်လည်း ငွေလွှဲပြောင်းမှုကန့်သတ် ထားခြင်း၊ ငွေစာရင်းအကောင့်များ အပိတ်ခံရခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများကိုထိရောက်စွာကိုင်တွယ်နိုင်ခြင်းမရှိကြောင်းသိရသည်။
“ ဘဏ်အကောင့်ကနေ K pay ထဲရွေ့တာ ကျပ် သိန်း ၂၀ ပဲရတယ်။ အရင်က K pay က ကျပ် သိန်း ၂၀ က ကန့်သတ်ချက် (limited) ဖြစ်တယ်။ မနေ့ကတော့ ကျပ် သိန်း ၅၀ အရွေ့၊ အပို့လုပ်တာရတယ်ဆိုတော့ အခု ကျပ် သိန်း ၅၀ က limited ဖြစ်မယ်ထင်တယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်ထိန်းချုပ်မှုကြောင့် ဘဏ်များကငွေသားထုတ်ပေးမှု ကန့်သတ် ခြင်း၊ ငွေထုတ်၊ ငွေသွင်း လုပ်ရာတွင် နောက်ကြောင်းရာဇဝင်အဆင့်ဆင့်ဖြည့်ရခြင်းများ ရှိကြောင်း ဘဏ်သုံးစွဲ သူများထံက သိရသည်။
“ ငွေထုတ်တဲ့ ပမာဏကိုကန့်သတ်တာ အဆင်မပြေဘူး။ နောက်ပြီးအခုထိ ဘာကြောင့် ထုတ်တယ် ဆိုတာရေးနေရတုန်းပဲ။ (အာဏာသိမ်းထားတဲ့ ကာလတစ်လျှောက်) နိုင်ငံခြား ငွေလွှဲဆိုရင် Western Union ဆိုရင် ဟိုဘက်ကပို့သူရဲ့ နိုင်ငံသားနံပါတ်ရော လိပ်စာ ရောအကုန်ပေးရတယ်။ အရင်က အဲဒီလိုမဟုတ်ဘူး။ ဒီနှစ်ထဲဖြည့်ရတာ ဒီကာလမှာကိုပဲ တစ်နှစ်ထဲတောင်ပုံစံအမျိုးမျိုးပြောင်းနေတယ်” ဟု ဘဏ်ဝန်ဆောင်မှု အသုံးပြုသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်သည် လှည့်လည်သုံးစွဲငွေမြင့်တက်ခြင်းနှင့် ငွေးကြေးဖောင်းပွ မှုနှုန်း မြင့်တက်ခြင်းတို့ကို အထိုက်အလျောက်ထိန်းချုပ်နိုင်ရန် အတိုးနှုန်းမြှင့်တင်ခြင်း နည်းလမ်းထက် ဘဏ်များကမြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်အချိုးအား မြှင့်တင်ခြင်းနှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်း (Interest on Excess Reserve-IOER) နည်းလမ်းကို အသုံးပြုနေကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ဗဟိုဘဏ်ထိန်းချုပ်မှု #ပြည်တွင်းဘဏ်များ #ငွေသားထုတ်ပေးမှုကန့်သတ် #Ayeyarwaddy_Times