
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၁၁ ခုအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သိမ်းပိုက်ထားနိုင်ပြီး လေကြောင်းမှ ချပေးသည့် လက်နက်ခဲယမ်းများကိုပါ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရ ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုဖြစ်ပွားနေသည့် စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီ၏ သပိတ်ကျင်းမြို့နယ် ဒုတပ်မှူး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်(OTC-19) အပါအဝင် ၁၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက် ချအညံ့ခံ အလင်းဝင်ခဲ့သည့် ပျူစောထီးတပ်ဖွဲ့ဝင်များ လည်းရှိကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း စတင်သည့် ဇွန် ၂၅ ရက်နေ့မှစ၍ မန္တလေးတိုင်းအတွင်းရှိ မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့တွင် MDY-PDF က တိုက်ပွဲများဖော်ဆောင်လျှက်ရှိရာ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း ၁၁ ခုကို သိမ်းပိုက်ရရှိ ထားကြောင်း MDY-PDF က ယနေ့ ဇူလိုင် ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
MDY-PDF သည် စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနှင့် ပင်လယ်ကြီးတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ခဲ့ပြီး ယခင် သိမ်းပိုက်ခဲ့သည့် တပ်စခန်း ခြောက် ခုအပါအဝင် တပ်စခန်း ၁၁ ခုအထိ သိမ်းပိုက်ထားပြီဖြစ်သည်။
ထို့အပြင် စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအတွက် ချပေးသည့် လက်နက်ခဲယမ်း အထုပ်များအပါအဝင် မြေပြင်ရှိ လက်နက်ခဲယမ်း အများအပြားကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း MDY-PDF ကဆိုသည်။
စဉ့်ကူးစစ်ဆင်ရေးများတွင် MDY-PDF နှင့်အတူ စဉ့်ကူးမြို့နယ်ပကဖမှ ထောက်ပို့ဆိုင်ရာ လုပ်ငန်းများကို ပံ့ပိုးကူညီပေးလျှက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- MDY-PDF
#မန္တလေး #စဉ့်ကူး #စစ်ကောင်စီ #တပ်စခန်း၁၁ခု #MDYPDF #သိမ်းပိုက် #Ayeyarwaddy_Times