
ဧရာဝတီတိုင်းမ်
ဇူလိုင် ၈ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ မနက် ၁၀ ဝန်းကျင်က မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် တိုက်နယ်(၃)ဘက်ရှိ မွီတွီကျေးရွာ၊ မောင်းချောင်းတွင် ကျပေါက်ကွဲပြီး အရပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“မောင်းချောင်းရဲ့ ဥယာဥ်မှာရှိတဲ့ အရပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်တယ်။ ဒရုန်းက လေးစီးလာတာ။ အဲ့ထဲက နှစ်စီးက ဗုံးကြဲသွားတာဖြစ်တယ်။ ဒဏ်ရာရတဲ့ လူတွေဟာ မျက်နှာထိတဲ့ လူနာနဲ့ လည်ပင်းထိတဲ့ လူနာတွေဖြစ်တယ်။ အခုသူတို့ကို နီးစပ်ရာ ကျေးရွာဆေးခန်းမှာ ဆေးကုသပေးနေပါတယ်” ဟုဒေသခံံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း အရပ်သားများ နေထိုင်သည့် ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့တွင် ယခင်ကထက် လုံခြုံရေးတင်းကြပ်ထားပြီး မြို့တွင်းမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များကို လုံခြုံရေးအကြောင်းပြုပြီး ခိုးယူဖောက်ထွင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
“မင်းတပ်မြို့မှာ စစ်တပ်က ကင်းပုန်းတွေ နေ့ည မပြတ် လုံခြုံရေးချထားတယ်။ နေ့ဘက်လည်း ကားနဲ့ ကင်းပတ်တယ်။ လူမရှိတဲ့ နေအိမ်တချို့ဆို မသင်္ကါ ပုံစံနဲ့ အိမ်ပေါ်တက်ပြီး ပစ္စည်းခိုးယူတာရှိတယ်။ မြို့ထဲမှာ လူတွေမရှိသလောက်ပါပဲ” မျက်မြင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက ရဟတ်ယာဥ်နှစ်စီးဖြင့် တပ်အင်အားနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။
#မင်းတပ်မြို့ #စစ်ကောင်စီ #ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် #အရပ်သား၅ဦးထိခိုက် #Ayeyarwaddy_Times