
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၈ ရက်
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၂) ထိန်းချုပ်နယ်မြေဘက်သို့ အာရက္ခ တပ်တော်(AA) ကထိုးစစ်ဆင်လာ၍ ချင်းအမျိုးသားတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ချင်းအမျိုးသားတပ်မတော်ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာ တစ်ဦးဖမ်းဆီးခံထားရ ကြောင်းသိရသည်။
အာရက္ခတပ်တော်(AA) က ဦးဆောင်၍ ချင်းညီနောင်နှင့်အတူ မတူပီမြို့ကို သိမ်းပိုက်ပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၂) ဘက်သို့ အင်အားအများအပြားဖြင့် ဆက်လက်ထိုးစစ်ဆင်လာခဲ့ပြီး လက်ရှိတွင် ငလိုင်ကျေးရွာ ကျော်အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
“မနေ့က ဒုတိယအချီ ထိုးစစ်ဆင်လာတယ်။ အခုက ချင်းလဲန်းအစိုးရအဖွဲ့ကို တောင်ပိုင်း ကနေ အကုန်မောင်းထုတ်ဖို့အထိ ကြိုးစားနေတယ်။ နှာရိန်မြို့အထိပေါ့။ ထိတွေ့မှုဆက်တိုက်ရှိတယ်။ လုံလှောကို ဆက်ပြီးတိုးလာကြတယ်။ ပြီးတော့ လောက်တူဘက်ကိုလည်း ထိုးစစ်ဆင်ဖို့ မရာနယ်ထဲကနေ မရာကာကွယ်ရေး တပ်ဖွဲ့(MDF)နဲ့ ပေါင်းပြီး တက်လာတာရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ မတူပီမြို့၊ ခမရ ၃၀၄ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် AA နှင့် ချင်းညီနောင် တပ်များသည် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ-၂ ထိန်းချုပ်နယ်မြေရှိ ခလရ-၁၄၀ တပ်ရင်းကို ထပ်မံသိမ်းပိုက်ရန် ဖနိုင်ရွာသို့ ရောက်ရှိလာရာ ချင်းလဲန် အစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တို့ နှင့် ဇွန်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနှစ်ဖက်ထိတွေ့မှုနှင့်ပတ်သက်၍ နှစ်ဖက် အပြန်အလှန်စွတ်စွဲမှုများလည်း ရှိနေကာ လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး မှုများပြားကြောင်း သိရသည်။
ထိုသို့ ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ နှစ်ဖက်စလုံးမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိပေ။
“ချင်းကာကွယ်ရေးတပ်ဖွဲ့၊ တပ်မဟာ(၁) နဲ့ တပ်မဟာ (၂) ပထမဦးဆုံး ထိတွေ့မှုဖြစ်ပွားတာက တပ်မဟာ (၂) ၊ တပ်ရင်း-၂ ထိန်းချုပ်နယ်မြေမှာပါ။ သူတို့ ဝင်ရောက်လာမှုကို လုံးဝအကြောင်းမကြားတာဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)ရဲ့ မူဝါဒနဲ့ တပ်မူဝါဒကို တပ်မဟာ (၁) က ဂရုမစိုက်ဘဲ တိတိလင်းလင်းချိုး ဖောက်တာဖြစ်တယ်။ အခု ထပ်မံဖြစ်ပွားရခြင်းကတော့ တပ်မဟာ (၂) ၊ တပ်ရင်း ၃ ထိန်းချုပ်နယ်မြေ အတွင်းမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်ချခြင်းတွေနဲ့ ပြည်သူတွေကို ရန်သူသဖွယ် ဖမ်းဆီးခြင်းကြောင့်ပဲ ဖြစ်ပါတယ်” ဟု တပ်မဟာ-၂ မှ ဆလိုင်းအားလီက ပြောကြားသည်။
မတူပီမြို့သိမ်းတိုက်ပွဲကြောင့် မတူပီဒေသခံ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့သိမ်းတိုက်ပွဲပြီးနောက်တွင်လည်း ချင်းလဲန်းအစိုးရလက်အောက်ခံနှင့် အာရက္ခတပ်တော်(AA)၊ ချင်းညီနောင်တို့၏ တိုက်ပွဲဆက်လက်ဖြစ်ပွားမှုကြောင့် ဒေသခံများမှာ ထပ်ဆင့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
မတူပီမြို့နယ်တွင် ဖုန်းလိုင်းများအားလုံး ပိတ်ပင်ထားခြင်းခံရပြီး တောထဲတွင် စစ်ရှောင်နေကြသော ဒေသခံပြည်သူများနှင့် အဆက်အသွယ်(လုံးဝ)ပြတ်တောက် နေသလို စစ်ရေးအခြေအနေကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၂) တို့က ပြည်သူများဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားသည်။
ပုံစာ-CDF-မတူပီ၊ တပ်မဟာ (၁)နှင့် တပ်မဟာ (၂)
#CDFမတူပီ #တပ်မဟာ၂ #AA #ဆက်လက်ထိုးစစ်ဆင် #နှစ်ဖက်တိုက်ပွဲ #ချင်းအမျိုးသားတပ်မတော် #တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး #Ayeyarwaddy_Times