
ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းစာရင်းပါသူများကို ထောက်ပံ့ပေးရမည်ဟုဆိုကာ တစ်အိမ်ထောင်လျှင် နှစ်သောင်းကျပ် တောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။
ဘိုကလေးမြို့နယ်၊ အောက်လှဲဆိပ်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးမှာ ဦးစိုးမင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်သူများကို တစ်အိမ်ထောင်ကို တစ်လလျှင် နှစ်သောင်းကျပ် ဇူလိုင်လကုန်နောက်ဆုံးထားကာ ပေးသွင်းရမည်ဟုဆိုကာ အဓမ္မတောင်းယူသည်ဟု ဒေသခံများကပြောသည်။
“စစ်မှုထမ်းလိုက်တဲ့သူက တစ်ယောက်ပဲရှိတာ၊ ဒါကိုတစ်အိမ်နှစ်သောင်းကြီးတောင် တောင်းယူနေတာ။ ပထမ တစ်ယောက်စစ်မှုထမ်းဖို့ ပါသွားတုန်းကလည်းတစ်အ်ိမ်ကို တစ်သောင်းခွဲတောင်းယူတယ်၊ ရွာက ရွာကြီးဆိုတော့ အိမ်ခြေတွေ အများကြီးပဲ” ဟု အောက်လှဲဆိပ်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဘိုကလေးမြို့နယ်၊ အောက်လှဲဆိပ်ကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော်အထ်ိရှိပြီး စစ်မှုထမ်းငွေကြေးတောင်းယူမှုနှင့်ပတ်သက်ပြီး သိန်းရာချီကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းနှင့်အဖွဲ့က ရရှိမည်ဖြစ်သည်ဟု ဒေသခံများကဆိုသည်။
ထို့ပြင် ငရုတ်ကောင်းမြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က စစ်မှုအငှားထမ်းဆောင်ရမည့်သူများကို ထောက်ပံ့ရန် အတွက်ဟုဆိုကာ စက်လှေ၊စက်ပစ္စည်းရှိသည့်နေအိမ်များကို ငါးသောင်းကျပ်၊ စစ်မှုထမ်းဆောင်ရန် အမည်စာရင်းပါရှိသည့်နေအိမ်များကို နှစ်သောင်းကျပ်၊ အခြေခံလက်လုပ် လက်စားသမားများ၏ နေအိမ်များကို တစ်သောင်းခွဲကျပ် ဟူ၍ အသီးသီးသတ်မှတ်ထားပြီး ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့တွင် အပြည့်အစုံပေးရကြောင်း ငရုတ်ကောင်းမြို့မှ ဒေသခံများထံကသိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) တို့တွင်စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ အများစုကို စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်းအကြောင်းပြကာ ဒေသခံပြည်သူများကို ခြိမ်းခြောက်၍ လက်ရှိအချိန်ထိ ငွေတောင်းယူမှုများနှင့် စစ်မှုထမ်းရန် ဆန့်ကျင်သူများကို ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်လျှက်ရှိနေသည်။
ယခု စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ဆင်းခဲ့ကြသည့် သင်တန်းဆင်းများကို ရှေ့တန်းသို့ ပို့ဆောင်ရန် ကြိုတင်စီမံ၍ လျှို့ဝှက်ညွှန်ကြားခဲ့ကြောင်း နေပြည်တော်ရှိ တပ်တွင်းသတင်းရစ်မြစ်ထံက သိရသည်။
စစ်ကောင်စီသည် ၎င်းတို့တပ်များတွင် စစ်မှုထမ်းဆောင်ရန်အတွက် နည်မျိုးစုံဖြင့် လူငယ်များကို စုဆောင်းလျှက်ရှိပြီး ပြီးခဲ့သည် ဇွန် ၂၇ ရက်နေ့က စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃) သင်တန်းကိုထပ်မံဖွင့်လှစ်ခဲ့သည်။
ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် ၁ သင်တန်းဆင်းများ
#ဘိုကလေး #စစ်မှုထမ်းဆောင်ရမည့်သူ #ထောက်ပံ့ပေးရမည် #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး #တစ်အိမ် #၂၀၀၀၀ကျပ်တောင်းယူ #Ayeyarwaddy_Times