ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၇ ရက်

ဒီသီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူဉီးရေဟာ ၈ ဦးအထိ ရှိလာခဲ့ပြီး ရေကြီးရေလျှံမှုတွေကြောင့် အရေးပါတဲ့မြစ်အချို့ ကျိုးပေါက်ခဲ့ရာ လူနှစ်သန်း ဘေး သင့်ခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ရာနဲ့ချီတဲ့မြစ်တွေရှိသော လူဦးရေ သန်း ၁၇၀ ကျော်နေထိုင်တဲ့ တောင်အာရှဒေသက ဘင်္ဂလား ဒေ့ရှ်နိုင်ငံဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း မကြာခဏဆိုသလို ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

“ပြည်သူ ၂ သန်းကျော် ရေဘေးသင့်ခဲ့ပြီး ခရိုင် ၆၄ ခုအနက် ၁၇ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ် ပွားခဲ့ပါတယ်” လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ကမ်ရူလ်ဟတ်ဆန်က ပြောပါ တယ်။

လာမယ့်ရက်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းမှာ ရေဘေးအခြေအနေ ဆိုးရွာလာဖွယ် ရှိပြီး အဓိကမြစ်ဖြစ်တဲ့ ဗြဟ္မပုတ္တရမြစ်ဟာ ဒေသအချို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတယ်လို့ သူ က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ရေဘေးသင့်ပြည်သူတွေအတွက် ရာနဲ့ချီတဲ့ ရေဘေးရှောင်စခန်းတွေ ဖွင့် လှစ်ကာ မြောက်ပိုင်းရှိ ဝေးလံခေါင်ဖျားတဲ့ခရိုင်များသို့ စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ ဆောင်ခဲ့ပါတယ်။

ရေကြီးရေလျှံမှု အဆိုးရွားဆုံးဖြစ်ပွားခဲ့ရာ ကူရီဂရမ်ခရိုင်ရှိ ကျေးလက်မြို့ငယ် ၉ မြို့အနက် ၈ မြို့မှာ ရေဘေးသင့်ခဲ့တယ်လို့ ဒေသန္တရ ဘေးအန္တရာယ်နှင့် ကယ်ဆယ်ရေးဌာန တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ကိုးကား – AFP
Ref; Eight dead, two million affected by Bangladesh floods

#Ayeyarwaddy_Times