ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း နခခ-၂ နှင့် သံတွဲရှိ ခမရ ၅၆၆၊ သံတွဲလေဆိပ်တို့ကို သိမ်းဆည်းရမိကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

မောင်တောရှိ အမှတ်(၂) နယ်ခြားစောင့်တပ်စခန်း (နခခ-၂) ကို ဇူလိုင် ၆ ရက်နေ့၊ နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီအလောင်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့နှင့်အတူ သိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

နခခ-၂ တွင် စစ်ကောင်စီ၏ အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံတပ်ရင်းများ စုပေါင်း၍ ခုခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော နခခ-၂ လေးမိုင်စခန်း၊ နခခ-၅ မြို့ သူကြီးစခန်းနှင့် အခြားသောစခန်းများကိုလည်းမိုးတွင်း ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းကို ပြီးခဲ့သည့် ဇွန် ၂၇ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က သိမ်းပိုက်ရရှိခဲ့ပြီး သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော စစ်ကောင်စီ တပ်စွဲထားသည့် စခန်းအချို့တို့ကိုလည်း AAက သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ခမရ-၅၆၆ ကို လက်လွှတ်လိုက်ရသည့် နောက်ပိုင်း သံတွဲ လေဆိပ် အတွင်း၊ လေဆိပ်အနီးရှိအဆောက်အအုံများ၊ နာမည်ကြီး ဟိုတယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှနေ၍ ခုခံခဲ့ကြောင်း သိရသည်။

သို့သော်လည်း စစ်ကောင်စီအင်အား ၁၀၀ ခန့်ဖြင့် ခုခံနေသောသုံးထပ်တိုက် နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ နေရာများအား ဇူလိုင် ၆ ရက်၊ နံနက် ၁၁ နာရီတွင် လည်းကောင်း၊ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီး ပတ်ဝန်းကျင်များမှ အင်အား ၄၀၀ ခန့်ဖြင် ခုခံစစ်ဆင်နွှဲနေသော နေရာများအားလုံးကို ဇူလိုင် ၅ ရက်နေ့၊ နံနက် ၆ နာရီ တွင်လည်းကောင်း အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သံတွဲမြို့ ငပလီကမ်းခြေရှိ (မဇင်) လေဆိပ်ကို AA က ထိန်းချုပ်နိုင်ခဲ့ကာ စစ်‌ကောင်စီများတပ်ဖွဲ့ဝင်များအားလုံးကိုလည်း ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင် အများစုမှာ တပ်မ (၁၀၁) ၏ လက်အောက်ခံ တပ်ရင်းများဖြစ်ကြပြီး သံတွဲဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀၀ ကျော်၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရ မိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့အလောင်းများကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း AA က ဆိုသည်။

ဓာတ်ပုံ-AA Info Desk
#မောင်တော #စစ်ကောင်စီ #နခခ၂ #သံတွဲ #ခမရ၅၆၆ #သံတွဲလေဆိပ် #AAသိမ်းပိုက် #Ayeyarwaddy_Times