
ဧရာဝတီတိုင်းမ်
ဇူလိုင် ၇ ရက်
ရခိုင်ပြည်နယ်၊ သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် ခလရ-၅၅ တပ်ရင်းကို အာရက္ခတပ်တော် (AA) က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပြီး ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းလျှက်ရှိကြောင်း ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် AA က ထုတ်ပြန်သည်။
သံတွဲမြို့နယ်၊ ရေစင်ကျေးရွာ(ရီစင်)နှင့် ဂွေ့ချောင်းကျေးရွာကြားတွင် စစ်ကောင်စီ၏ ခလရ-၅၅ နှင့် AA တို့သည် ဧပြီ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်၍ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတွဲ မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည်။
အစောပိုင်းတွင် ကြိုကြားကြိုကြား တိုက်ပွဲများအဖြစ်ရှိခဲ့ပြီး မေနှင့် ဇွန်လများတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွား၍ တိုက်ပွဲများပြင်းထန်ခဲ့ကာ ဇွန် နှင့် ဇူလိုင်လ ပထမပတ်တွင် တိုက်ပွဲအရှိန်သည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
သံတွဲဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ-၅၆၆ နှင့် ခလရ-၅၅ တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်း များဖြစ်ကြသော ခလရ-၂၃၅ ၊ ခလရ-၂၅၁၊ ခလရ-၂၅၂၊ ခလရ-၂၅၃၊ ခလရ-၂၅၄ ၊ ခလရ-၂၅၅၊ ခလရ-၂၅၆၊ ခလရ-၂၅၇၊ ခလရ ၂၅၈၊ ခလရ ၂၅၉ နှင့် ခမရ ၃၁၅ (မိတ္ထီလာ-တမခ-၉၉) – လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) – နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော စစ်ကောင်စီသုံ့ပန်းတချို့၏ ပြောကြားချက်အရ တပ်မ (၁၀၁) မှ တပ်ရင်း ၁၀ ရင်းစလုံး သံတွဲမြို့စစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘော ငါး စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းကာအသည်း အသန် ခုခံကာကွယ်ခဲ့သည်။
ထိုသို့ ခုခံကာကွယ်နေမှုကို AA က ဗျူဟာမြောက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံး နှင့် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း AA အတွက် ခက်ခဲသော မြို့သိမ်းတိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ခလရ ၅၅ နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ -၂၅၂ တပ်ရင်းနှင့် အခြားအမည်မသိသေးသော တပ်ရင်းအချို့တို့ စုပေါင်း၍ ခလရ-၅၅ တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျှက်ရှိသကဲ့သို့ ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများမှာ ယခုထုတ်ပြန်သည့် အချိန်အထိ ပြင်းထန်လျှက်ရှိကြောင်း AA က ဆိုထားသည်။
ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲများအတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသည့် အာရက္ခ စစ်သည်တော်များ၊ သတ္တိပြောင် မြောက်စွာဖြင့် ပေးအပ်လာသော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော စစ်ဒေသအသီးသီးမှ အာရက္ခစစ်သည် တော်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ ပူးပေါင်းဆောင်ရွက်ကူညီပေး ကြသော အာရက္ခပြည်သူများ အားလုံးကို လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း AA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-AA Info Desk
#သံတွဲ #စစ်ကောင်စီ #ခလရ၅၅ #AA #ထိုးစစ်ဆင်တိုက်ခိုက် #တိုက်ပွဲ #အမြင့်ဆုံး #အပြင်းထန်ဆုံး #Ayeyarwaddy_Times