
ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ် တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးမှ အဓမ္မပြုကျင့်သွားကြောင့် ဒေသခံများထံက သိရှိရသည်။
ကလေးမြို့မှ စစ်ကောင်စီယာဥ်တန်း ခြောက် စီးဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ ဇူလိုင် ၅ ရက်နေ့တွင် တီးတိန်မြို့နယ် မွာလ်ပီးကျေးရွာတွင် ညအိပ်တည်းခိုပြီး ယနေ့ ဇူလိုင်လ ၆ ရက်နေ့ မနက်ပိုင်းတွင် ကျေးရွာတွင်းရှိ မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သွားခြင်းဖြစ်သည်။
“စစ်သားတွေ အနားယူတပ်စွဲထားတဲ့ နေရာအနားက အိမ်ထဲမှာ ရှိနေတဲ့ ကလေးမကို စစ်သားနှစ်ယောက်က အိမ်ပေါ်တက်လာပြီး မုဒိမ်းကျင့်သွားတာပါ။ ကလေးမက အော်ငိုယိုပြီး အကူညီတောင်းပေမယ့် အဲ့အနီးက စစ်သားတွေက ဘာမှမကူညီပေးဘဲ ဒီအတိုင်း ထိုင်ကြည့်နေတယ်။ ကလေးမက အသက် ၁၄နှစ်၊ ၁၅ နှစ်လောက်ပဲရှိအုံးမယ်ထင်ပါတယ်။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ တခြားစစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း ကျေးရွာတွင်းရှိ မိန်းကလေးနှစ်ဦးကို ထပ်မံအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သော်လည်း ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့ကြောင့် ၎င်းက ဆိုသည်။
အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ကျေးရွာရှိ အသက်ကြီးပိုင်းများက စစ်ကောင်စီ အရာရှိများကို ဖြေရှင်းပေရန် တောင်းဆိုပြီး စစ်ကောင်စီဘက်မှ ငွေကြေးဖြင့် အမူကျေအေးပေးရန် တောင်းပန်ကြောင်း သိရသည်။
“စစ်တပ်အရာရှိတွေက ရွာထဲ ရပ်ရွာလူကြီးနဲ့ကာယကံရှင်တွေကို တွေ့ဆုံပြီး ငွေကြေးနဲ့ ကျေအေးပေးဖို့ ညှိနှိုင်းတောင်းပန်ကြတယ်။ ပြစ်မူးကျူးလွန်တဲ့သူတွေကိုလည်း အပြစ်ပေးမယ်ပြောပြီး အဲ့ဒီ စစ်သားနှစ်ယောက်ကိုလည်း စောင်နဲ့အုပ်ပြီး ကားပေါ်တင်ခေါ်သွားတယ်။ ဒီမနက် စစ်သားတွေ ကလေးဘက်ကို ပြန်ဆင်းသွားကြပြီ” ဟု ဒေသခံံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ည မွာလ်ပီးကျေးရွာတွင် ညအိပ်တည်းခိုသွားသည့် စစ်ကောင်စီတပ်သည် ယနေ့မနက်ပိုင်းတွင် ကလေးမြို့ကို တပ်ပြန်ဆုတ်သွားကြောင့် သိရသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း တီးတိန်မြို့နယ် အာလွယ်ရွာရှိ ကိုယ်ဝန်သည့်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်မ-၂၂ လက်အောက်ခံ တပ်ဖွဲ့ဝင်များမှ အဓမ္မပြုကျင့်မှု ဖြစ်ပွါးခဲ့သည်။
#တီးတိန်မြို့ #အသက်မပြည့် #မိန်းကလေးငယ်တစ်ဦးကို #စစ်ကောင်စီ တပ်ဖွဲ့ဝင်၂ဦး #အဓမ္မပြုကျင့် #Ayeyarwaddy_Times