ဧရာဝတီတိုင်းမ်
(အင်းစိန်)၊ ဇူလိုင် ၆ ရက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များမှာ အကျဉ်းသားများထံမှ မကြာခဏ ငွေကြေးကောက်ခံမှုများ ပြုလုပ် နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) က ယနေ့ ဇူလိုင် ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

အင်းစိန် ထောင်အတွင်း ဆေးသုတ်ရန်၊စတိုခန်းပြင်ရန်၊ အခြားကိစ္စများ စသည်ဖြင့် အကြောင်းပြကာ ငွေကြေးကောက်ခံခြင်းများ မကြာခဏပြုလုပ်နေပြီး အကျဥ်းသားအဆောင်များအားလည်း တစ်ခန်းလျှင် အနည်းဆုံး ၆၀၀၀၀ ကျပ် မှစ၍ လစဉ်ပေးဆောင်ရမည်ဟုဆိုကာ အဆောင်မှူးများက အခန်းသူကြီးများမှတဆင့် ကောက်ယူနေကြောင်း သိရသည်။

“ငွေကြေးကောက်ခံမှုက အရင်ထဲကတော့ရှိနေတယ် ဆိုတာတော့တွေ့ရပါတယ်။ အင်းစိန်တထောင်တည်းလားဆိုတော့ မဟုတ်ဘူးပေါ့။ ပြီးခဲ့တဲ့ လမှာဆိုလည်း လစဉ်ကောက်ခံတယ်။ လစဉ် နီးပါးအနည်းဆုံး ခြောက်သောင်းလောက်ကနေ တစ်သိန်းခွဲ၀န်းကျင်လောက်ထိကို အခန်းသူကြီးတွေက သူတို့ အာဏာ တည်မြဲရေးနဲ့ ပတ်သက်ပြီးမှ ပို့ဆောင်နေတာမျိုးတွေ့ရတယ်။ ၀န်ထမ်းတွေက တိုက်ရိုက်ကောက်ခံတာမျိုးမဟုတ်ဘဲ ၀န်ထမ်းတွေက ခန့်ထားတဲ့ အခန်းသူကြီးကကောက်ခံနေတာမျိုးတွေ့ရပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ ငွေစီးဆင်းမှုအားလုံးက ထောင်ဝန်ထမ်း တွေဆီရာက်တယ်။ သူတို့ကမှ တဆင့်တာဝန်ရှိသူတွေဆီ ရောက်တယ်” ဟု PPNM မှ တာတန်ရှိသူကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းကို ပြောသည်။

ထို့ပြင် လာမည့် ဇူလိုင်လအလယ်တွင်လည်း မိုးရာသီပျော်ပွဲရွှင်ပွဲ ကျင်းပရန် အကျဉ်းသားများထံမှ မတရား‌ငွေကြေးကောက်ခံနေကြောင်း သိရပြီး ပိုက်ဆံမထည့်ပဲနေသည့် အကျဉ်းသားများကိုလည်း ထောင်အာဏာပိုင်များမှ နေထိုင်ရအဆင်ပြေခြင်းမရှိစေရန် ပုံစံမျိုးစုံဖြင့် ဖိအားပေးမှုများလည်းရှိနေကြောင်း သိရသည်။

“တကယ်တော့ထောင်က ဖမ်းခံထားရတာက မတရားဖမ်းခံရတာလေ။ ဒါပေမယ့်လည်း အာဏာသိမ်းပြီးထဲက ကိုယ့်ပိုက်ဆံကိုယ်သုံး ကိုယ့်ထမင်း ကိုယ်စားပြီးတော့မှ ထောင်ကျခံရတယ့်ဘ၀ပေါ့နော် ဒီလို အခြေအနေကိုဖြစ်လာတယ်။ သူတို့က မတရားဖမ်းဆီးထားတယ် သူတို့ကလည်းပဲပေးရမယ့် အခြေခံအခွင့်အရေးတွေဖြစ်တဲ့ စား၀တ်နေရေးကို ပြည့်စုံစွာ မပေးနိုင်တော့ ကိုယ့်စရိတ်နဲ့ ကိုယ်ဖြစ်နေတယ်လို့ပဲပြောချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြာသည်။

ထိုသို့ အကျဉ်းသားများထံမှ အဓမ္မ ငွေကြေး ကောက်ခံမှုကို အဓိကပြုလုပ် နေသူများမှာ သပြေဆောင် အဆောင်မှူး ဖြိုးဇော်ဟိန်း၊ ဒုတပ်ကြပ်အောင်ကျော်ဌေး(ခ)ပါးပေါက်၊ တန်းစီးချုပ် ကုလားပြား(လူသတ်မှု) တို့ ဖြစ်ကြောင်းလည်း PPNM ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ယက်

#အင်းစိန်ထောင် #နိုင်ငံရေးအကျဉ်းသား #PPNM
#ငွေကြေးကောက်ခံ #Ayeyarwaddy_Times