နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

စစ်ကောင်စီသည် စစ်ရေးရှုံးနိမ့်လာသည်နှင့်အမျှ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ရှမ်းပြည် မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး (ပ၊ဒု)ကာလအတွင်း နိုင်ငံတကာမှ တားမြစ် ပိတ်ပင်ထားသည့် ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် လက်ရှိအထိ လေးကြိမ်တိုင် တိုက်ခိုက် လာကြောင်း တအာင်းတပ်မတော် (TNLA) ထံက သိရသည်။

ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် နောင်ချိုမြိုနယ်ရှိ စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းကို TNLA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဇွန် ၁ ရက်တွင် ဓာတုအဆိပ်ငွေ့ဗုံး တစ် လုံးဖြင့်လည်းကောင်း၊ ဇွန် ၄ ရက်တွင် ဓာတုအဆိပ်ငွေ့ဗုံး သုံး လုံးဖြင့်လည်းကောင်း စုစုပေါင်း လေး လုံး အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဓာတုအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် TNLA တပ်ဖွဲဝင် ရှစ် ဦး အဆိပ်ငွေ့သင့်၍ အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်းတို့ ခံစားနေရကာ ဆေးကုသမှု ခံယူနေရပြီး နမ့်ခမ်းတိုက်ပွဲတွင်လည်း ထိုကဲ့သို့ ဓာတုအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်တချို့ ယခုလို ခံစားရကြောင်း TNLA ပြောခွင့်ရ လွေးယေဦးက ဆိုသည်။

“ဒီအဆိပ်ငွေဗုံးနဲ့ ပတ်သက်ပြီး ကျွန်မတို့ ၁၀၂၇ ပထမစစ်ဆင်းရေး အပိုင်းမှာဆိုရင် နမ့်ခမ်းမှာ စခန်းကုန်း သိမ်းနေတဲ့အချိန် စစ်ကောင်စီက နှစ်ကြိမ် လာရောက်ပြီးတော့ အဆိပ်ငွေဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒီဒုတိယ အပိုင်းမှာဆိုရင် ဒုံးတပ်ရင်း (၆၀၆)တပ်စခန်း တိုက်ပွဲမှာ အဆိပ်ငွေ့ဗုံး နှစ် ကြိမ် လာရာက်ကြဲသွားတယ်။ အကြိမ်အားဖြင့် လေး ကြိမ်ရှိပြီး ဗုံးအလုံးရေ ခုနစ် လုံးရှိပါပြီ” ဟု လွေးယေဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလ ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်က နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ် လုံခြုံရေးကုန်းကို TNLA မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ နောက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဓာတုအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော်အချို့ ပုံစံတူရောဂါ ခံစားခဲ့ရပြီး ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

သို့သော် စစ်ကောင်စီသည် ဓာတုအဆိပ်ငွေ့ဗုံး အသုံးပြု၍ တိုက်ခိုက်ခြင်းအပါအဝင် ၎င်းတို့လုပ်ရပ်များနှင့် ပတ်သက်၍ မည်သည့်အခါတွင်မှ ဝန်ခံထားခြင်းမရှိဘဲ ငြင်းဆိုနေ၍ စစ်ကောင်စီကို အရေးယူနိုင်ရေးအတွက် မှတ်တမ်း၊ သက်သေများ ကောက်ယူစုဆောင်းနေကြောင်း TNLA ပြောခွင့်ရ လွေးယေဦးကပြောကြားသည်။

စစ်ကောင်စီသည် စစ်ရေးအရ အထိနာ၍ ၎င်းတို့ထိန်းချုပ် နိုင်စွမ်းမရှိသော နယ်မြေ ဒေသများတွင် အဆိုပါဓာတုလက်နက်များဖြင့် တိုက်ခိုက်လေ့ရှိပြီး သာမန်အရပ်သား ပြည်သူများအပါအဝင် ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်သည့် ဓာတုလက်နက် မျိုးလည်း ထုတ်သုံးလာနိုင်ကြောင်း တပ်မတော် CDM အရာရှိများ၏ သုံးသပ်ပြော ဆိုချက်များအရ သိရသည်။

ယေဘုယျအားဖြင့် သာမန်ပေါက်ကွဲစေတတ်သည့် ဗုံးသီးအမျိုးအစားက လွဲ၍ အခြားတိုက်ခိုက်မှုကို ဓာတုလက်နက်ဟု အကြမ်းဖျင်းပြောနိုင်ပြီး Cluster ဗုံးသီး ဟုခေါ်သော ဓာတုအဆိပ်ငွေ့ဗုံးသီးကို မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်း ရွာအခြေစိုက် အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ (၂၁)တွင် အဓိက ထုတ်လုပ်နေကြောင်း သိရသည်။

ထို့ပြင် ပြည်ပမှ ဝယ်ယူထားသည့် ဓာတုလက်နက်များကိုလည်း အဆိုပါကပစ (၂၁)စက်ရုံတွင် Modify (ပြုပြင်မွမ်းမံ)လုပ်၍ ထုတ်လုပ်မှုရှိကြောင်း သိရသည်။

“စစ်ကောင်စီက စစ်ရှုံးပြီဆိုရင်တော့ နောက်ဆုံး ဓာတုလက်နက် ထုတ်သုံးတာကတော့ အလေ့အထပေါ့။ ဓာတုလက်နက်ဆိုတာက အမျိုးအစားပေါင်း များစွာရှိတယ်။ ဒီလိုမျိုး သုံးနေတဲ့ဟာကို ကျွန်တော်တို့က မဟန့်တားနိုင်ဘူး။ ကာကွယ်ရမယ့် နည်းလမ်းတွေ ရှာကြံရမယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အာဏာမသိမ်းခင် ၂၀၂၀ နှစ်ဆန်းပိုင်းကလည်း ရခိုင် ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့သလို အာဏာသိမ်းပြီးနောက် ၂၀၂၂ ကရင်ပြည်နယ် တိုက်ပွဲများအတွင်း ဓာတုအဆိပ်ငွေ့ဗုံးဟု ယူဆရသော ဗုံးများကြဲချ တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့ဖူးသည်။

ထို့အပြင် ကရင်နီဒေသနှင့် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲတချို့တွင်လည်း စစ်ကောင်စီက အလားတူ လက်နက်မျိုးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ထုတ်ဖော်ပြောဆိုခဲ့သော်လည်း စစ်ကောင်စီသည် လက်ရှိအချိန်အထိ ၎င်းတို့ကျူးလွန် လုပ်ဆောင်ခြင်းမရှိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်ရုပ်သံ၊ သတင်းစာများမှတဆင့် ငြင်းဆိုလျက်ရှိသည်။

#ရှမ်းမြောက်စစ်ဆင်ရေး #စစ်ကောင်စီ #ဓာတုအဆိပ်ငွေ့ဗုံး #၄ကြိမ်တိုင်တိုက်ခိုက် #TNLA #Ayeyarwaddy_Time