ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

လက်ရှိတိုက်ပွဲများဖြစ်ပွားနေသော နောက်ချို၊ မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲကာလ ၁၂ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄၄ ဦးသေဆုံးပြီး ၅၇ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ညနေပိုင်းတွင်ထုတ်ပြန်သည်။

တအောင်း( ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် စစ်ကောင်စီတို့ ဇွန်လ ၂၅ ရက်မှ ဇူလိုင် ၅ ရက်အတွင်း အရပ်သားသေဆုံးမှုတွင် ကျောက်မဲမြို့ မှ ၁၇ ဦး၊ နောင်ချိုမြို့ မှ ၂ ဦး၊ မိုးကုတ်မြို့ မှ ၅ ဦး၊ မိုးမိတ် မှ တစ်ဦးနှင့် လားရှိုးမြို့တွင် အရပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အရပ်သားထိခိုက် ဒဏ်ရာရရှိသူများတွင် ကျောက်မဲမြို့ မှ ၂၇ ဦး၊ နောင်ချိုမြို့မှ တစ်ဦး၊ မိုးကုတ်မှ လေးဦး၊သီပေါ မှ လေးဦး နှင့် လားရှိုးမှ ၁၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း ဖော်ပြထားသည်။

အဆိုပါသေဆုံးမှုအတွင်း နောင်ချိုတွင် စားဝတ်နေရေးအတွက် နေ့စဥ်သွားလာရုန်းကန်နေရသည့် ဒေသခံ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။

ထို့အပြင် ဘုန်းကြီးကျောင်း၊စာသင်ကျောင်းအပါအဝင် နေအိမ် ၇၀ ကျော် ထိခိုက်ပျက်စီးသွားပြီး ဒေသခံသုံးသောင်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲလွတ်ရာမှ ထွက်ပြေးတိမ်းရှောင်ရာလမ်းခရီးတွင် ကားများပိတ်ဆို့မှု၊ကြန့်ကြာမှုအခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။

ဇူလိုင် ၆ ရက်နေ့တွင် လားရှိုးမြို့ ရပ်ကွက် (၇ ) ရှိစိတ္တသုခဘုန်းကြီးကျောင်းကို စစ်ကောင်စီ၏လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင် သုံးပါး ဒဏ်ရာပြင်းထန်စွာရရှိကြောင်းထုတ်ပြန်သည်။

ဇူလိုင် ၅ ရက်နေ့ က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လားရှိုးမြို့ကျောက်မဲ ( ၁ ) ရပ်ကွက်တွင် အရပ်သား နှစ်ဦးသေဆုံးသွားပြီး မိုးမိတ်မြို့နယ် အုန်းကျော်ရွာဟောင်းတွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အဘွားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ဇူလိုင်လ ၃ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ နမ့်မော်ကျေးရွာကို စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ဗုံးကြဲချခြင်းကြောင့် အမျိုးသား နှစ် ဦးပွဲချင်းပြီးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ပြည်သူလူထုများအား ဦးတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းသုံးဗုံးကြဲခြင်းများပြုလုပ်လျှက်ရှိသဖြင့် စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်းထုတ်ပြန်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#တအောင်းပလောင် #PSLF/TNLA #စစ်ကောင်စီ
#လားရှိုး #ကျောက်မဲ #မိုးမိတ် #မိုးကုတ် #နောင်ချို
#အရပ်သားထိခိုက်မှုများ #Ayeyarwaddy_Times