နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

စစ်ကောင်စီသည် အာဏာသိမ်းကာလ ကြာမြှင့်လာသည်နှင့်အမျှ မထူးဇာတ်ခင်း သည့်အနေဖြင့် အမျိုးသမီးနှင့် လူငယ်များကို ဦးတည်ဖမ်းဆီး အကြမ်းဖက် သတ်ဖြတ်နေမှုအား ပေါ်ပေါ်ထင်ထင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြောင်း အမျိုးသမီးအဖွဲ့အစည်းများထံက သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နယ်ပယ်အသီးသီးမှ အမျိုးသမီး များကို မတရားသဖြင့် ဖမ်းဆီးထားသည့်အပြင် ညှင်းပန်းနှိပ်စက်၍ မုဒိမ်းကျင့် သတ်ဖြတ်ခြင်းများသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာကြောင်း သိရသည်။

“ဆန္ဒပြလို့ရော၊ ထောင်တွင်းထဲမှာရော သတ်ဖြတ်ခံရတာတွေရှိတယ်။ နောက်ပြီး စစ်တပ်ကနယ်မြေတွေကို ထိန်းချုပ်ဖို့ စစ်ဆင်ရေးလုပ်တဲ့ အခါတွေမှာလည်း တွေ့တဲ့အမျိုးသမီး၊ ကလေးငယ်တွေကို ဦးတည်ပြီး ဖမ်းဆီးသတ်ဖြတ်တယ်။ အဲဒါတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကျူးလွန်နေတယ်ပေါ့။ ဒီနေ့ ဒီအချိန်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာကို ကျွန်မတို့ တွေ့ရတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) မှ မနာင်းမို့မို့က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်အထိ သေဆုံးသူ ၄၂၇၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၇၀၈ ဦးမှာ အမျိုးသမီးများဖြစ်ကာ ယင်းနှစ် စက်တင်ဘာ၌ပင် စစ်ကောင်စီတပ်ကြောင့် အနည်းဆုံး အမျိုးသမီးများနှင့် မိန်းကလေးငယ် ၄၆၅ ဦး အသတ်ခံခဲ့ရ၍ ၄၃ ဦး မတရား ဖမ်းဆီးခံခဲ့ရကြောင်း WLB ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ စစ်ကောင်စီ၏ အကျဉ်းထောင်အသီးသီးတွင် အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးပြစ်ဒဏ် ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသူ ၅၀၀၀ ဦးကျော် ကျန်ရှိနေသေးပြီး စစ်ကြောရေးစခန်းများ၌ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွား သူများ၊ ဆေးဝါးကုသမှု လုံလောက်စွာမရရှိဘဲ တိုက်ပိတ်အရေးယူ ခံထားရသူများထဲ တွင်လည်း နိုင်ငံရေးအကျဉ်းသူများ ပါဝင်နေကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) တာဝန်ခံ မဇူးဇူးမေယွန်းက ဆိုသည်။

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကြောရေး စခန်းတွေနဲ့ ထောင်တွင်းမှာ ညှင်းပန်းနှိပ်စက်မှုတွေကို သူတို့က သတင်းအမှောင်ချပြီး လုပ်ဆောင်ကြတယ်။ ထောင်ပြောင်းရွှေ့ရင်လည်း မိသားစုဝင်တွေကအစ အဆက်အသွယ် မရတာမျိုးတွေ ရှိတယ်။ လက်ရှိမှာ ထောင်ပြောင်းရွှေ့တဲ့ ကိစ္စဆိုရင်လည်း သိသိသာသာ ပေါ်ပေါ်တင်တင်ကို ညှင်းပန်းနှိပ်စက်မှုတွေကို လုပ်ဆောင်လာတယ်။ တစ်နှစ်ထက် တစ်နှစ် မထူးတဲ့ဇာတ်ကို ခင်းနေတယ်လို့ပဲ မြင်ပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ယခုနှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ နိုင်ငံတစ်ဝန်း၌ စစ်ကောင်စီကြောင့် အမျိုးသမီး ၃၄၈ ဦး သေဆုံးခဲ့ပြီး ထိုအရေအတွက်တွင် ဘာသာရေးကဏ္ဍမှ ၁၅ ဦးနှင့် ပညာရေးကဏ္ဍမှ ၃၀ ဦး ပါဝင်နေကာ စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်သည် သေဆုံးမှုအများဆုံး ဒေသဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ သတင်းအချက် အလက်များအရ သိရသည်။

စစ်ကောင်စီသည် ထောင်ပြောင်းရွှေ့မှုများကို ယခင်ကထက်ပိုမို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာသလို ထောင်ပြောင်းရွှေ့ပြီး နောက်ပိုင်းတွင်လည်း နိုင်ငံရေးအကျဉ်းသူ များကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ အမျိုးသား ဝန်ထမ်းအင်အား အလုံးအရင်းဖြင့် နံပတ်တုတ်၊ လေးဂွ၊ သေနတ်များ ကိုင်ဆောင်ကာ ဝင်ရိုက်ခြိမ်းခြောက် ခြင်း စသည်တို့ကို ကျူးလွန်နေကြောင်း WOPP ထံက သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီ ၂၉ ရက်နေ့က နိုင်ငံရေးအကျဉ်းသူ ဟောင်းမနိုဘယ်အေးကို ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် x-ray စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့သည်။

ထို့သို့ဖမ်းဆီးခဲ့ပြီးနောက် မနိုဘယ်အေးနှင့်အတူ ဖမ်းဆီးခံရသည့် ကိုလေးခွင်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့က ဝေါမြို့နယ် တရားရုံးမှ ရုံးထုတ်ပြီးအပြန်တွင် ပစ်သတ်ခဲ့ပြီး သေဆုံးကြောင်း အတည်ပြုခြင်းမရှိကြောင်း မနိုဘယ်အေး၏ မိသားစုဝင်များက ဆိုထားသည်။

ထို့အတူ ရုပ်ရှင်မှတ်တမ်းဒါရိုက်တာ ရှင်ဒေဝီကိုလည်း ရုပ်ရှင်မှတ်တမ်းရိုက်ကူးရေး အမျိုးအစားဒရုန်း ဝယ်ယူခြင်းကြောင့် ဖမ်းဆီးကာ ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

စစ်ကောင်စီက အမျိုးသမီးများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်လျှက်ရှိနေသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုများကို အသိအမှတ်ပြု၍ ရသင့်ရထိုက်သော အခွင့်အရေးများအား လက်လှမ်းမီရရှိစေရန်နှင့် အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီ အပြည့်အဝကာကွယ် စောင့်ရှောက်ပေးလျှက်ရှိကြောင်း ပြီးခဲ့သည့် ဇူလိုင် ၃ ရက်က ကျရောက်သော မြန်မာအမျိုးသမီးများနေ့တွင် ထည့်သွင်းပြောဆိုထားသည်။

ပုံစာ-စစ်ကောင်စီက ပစ်သတ်ခဲ့သည့် မနိုဘယ်အေး
ပုံစာ-စစ်ကောင်စီ၏ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းခံရသူ ရှင်ဒေဝီ
ပုံစာ-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#စစ်ကောင်စီ #အမျိုးသမီးများအပေါ် #အကြမ်းဖက်သတ်ဖြတ် #မထူးဇာတ်ခင်း #မြန်မာအမျိုးသမီးများနေ့ #အမျိုးသမီးကဏ္ဍ #Ayeyarwaddy_Times