
ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်
ချင်းပြည်နယ်၊ မတူပီမြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီ မတရားဖမ်းဆီးထားပြီး နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၁၃ ဦး လွတ်မြောက်ခဲ့ကြောင်း ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ထံက သိရသည်။
မတူပီမြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီသည် နိုင်ငံရေးအကျဥ်းသားများကို အကာကွယ်ယူ စစ်တိုက်ပြီး တိုက်ပွဲတွင်း အထိနာများသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကစဥ့်ကလျားဖြစ်နေစဥ် အဆိုပါ အကျဥ်းသားများက ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။
“အကျဥ်းသား တစ်ဝက်ကျော်လောက်က ကျွန်တော်တို့ဆီ ရောက်ပါပြီ။ တိုက်ပွဲမှာ စစ်တပ်တွေ ပြာနေတုန်း ထွက်ပြေးလွတ်မြောက် လာကြတာဖြစ်တယ်။ သူတို့တွေဟာ စစ်ကြောင်းမှာ ကြားညှပ်နေတာပါ။ ကျန်တဲ့ အကျဥ်းသားတွေ ဆက်လက်ရှာဖွေဆဲဖြစ်တယ်”ဟု ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အကျဥ်းကျခံရသည့် အကျဥ်သား ၂၀ ဦးအနက် ၁၃ ဦးသည် လွတ်မြောက်လာကြပြီး ကျန်သည့် အကျဥ်းသား ခုနှစ် ဦးကို ဆက်လက်ရှာဖွေများ ပြုလုပ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုလွတ်မြောက်လာတဲ့သူတွေကို CDF (မတူပီ) တပ်မဟာ(၁)ရဲ့ လွတ်မြောက်နယ်မြေမှာ ပြည်သူတွေ လှူဒါန်းထားတဲ့ ထမင်း၊ ဟင်းတွေနဲ့ သေချာကျွေးမွေး ပြုစုစောင့်ရှောက်ပေးထားပါတယ်”ဟု ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထွက်ပြေးလွတ်မြောက်လာသည့် အကျဥ်းသား ၁၃ ဦးတွင် အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး ၎င်းတို့သည် CDM ဝန်ထမ်းများ၊ ဓမ္မအမှုတော်ဆောင်နှင့် နိုင်ငံရေးနှင့်ဆက်စပ်သည့်သူများဖြစ်ကြောင်း သိရသည်။
မတူပီမြို့ကို ဇွန်လ ၂၉ ရက်နေ့တွင် ချင်းညီနောင်အဖွဲ့၏ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
#မတူပီတိုက်ပွဲ #စစ်ကောင်စီ #မတရားဖမ်းဆီးထားသည့် #နိုင်ငံရေးအကျဥ်းသား၁၃ဦး #လွတ်မြောက် #Ayeyarwaddy_Times