
ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်
ဧရာ၀တီတိုင်း ၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့တွင် ဇူလိုင်လအတွင်း မြစ်ရေကြီးနိုင်ကြောင်း ကြိုတင်အသိပေးမှုများ ထွက်ပေါ်လာသောကြောင် ဒေသခံများစိုးရိမ်နေကြောင်းသိရသည်။
“ရေကြီးလာမှာထက် အထက်ပိုင်းက ဆင်းလာတဲ့ရေတွေကြောင့် ရေကာတာတွေကျိုးမှာပဲကြောက်ရတာ တာကျိုးရင်အကုန်ဒုက္ခရောက်ရော” ဟု ဟင်္သာတမြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ်က ဧရာ၀တီမြစ်ရေ တိုက်စားမှုကြောင့် ရေကာတာတစ်ခုကျိုးပေါက်ခဲ့ပြီးဟင်္သာတမြို့နယ်ရှိ အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာမှ အိမ်ခြေ ၁၅၀နီးပါးရေနစ်မြုပ်ခဲ့သည့်အပြင် ကျန်နေအိမ်များကိုလည်း ရေလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရသောကြောင့် ယခုနှစ်တွင်လည်း ဧရာ၀တီမြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ဧရာ၀တီမြစ်ရေက အခုဆိုရင်မြန်မာပြည်အလယ်ပိုင်းကို ရောက်လာပြီး စိုးရိမ်ရေအမှတ်ကို ရောက်လာပြီဆိုတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရေဘေး နဲ့ပတ်သတ်ပြီး ဆောင်ရန်ရှောင်ရန်တွေကို လက်ကမ်းစာစောင်ဝေတာနဲ့ သရုပ်ပြလေ့ကျင့်ခန်းတွေ ကြိုတင်ပြင်ဆင်ထားပါတယ်”ဟု ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာ၀တီမြစ် နှင့် ထိစပ်နေသော ဟင်္သာတခရိုင်မြို့များကို အဓိကထား ကာ အသိပေးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ရုတ်တရက် ရေကြီး၊ရေလျှံမှုများဖြစ်ပွားပါက ကယ်ဆယ်ရေးများ ပြုလုပ်ရန် မီးသတ်တပ်ဖွဲ့ များကို စုဖွဲ့ပြင်ဆင်ထားကြောင်းသိရသည်။
ဓာတ်ပုံ -၂၀၂၃ ခုနှစ်က ဟင်္သာတခရိုင်အတွင်း ဧရာ၀တီမြစ်ရေကြောင့်တာကျိုးပေါက်မှုမြင်ကွင်း
#ဇလွန်မြို့ #ရေဘေးဒဏ်ခံရမည်ကို #ဒေသခံများစိုးရိမ် #Ayeyarwaddy_Times