ဧရာဝတီတိုင်းမ်
ဇူလိုင် ၆ ရက်

ပြင်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်သူများပြားနေ၍ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများတိုးလာချိန်တွင် စစ်ကောင်စီက အကြောင်းအမျိုးမျိုးဖြင့် အရေးယူထားကာ ရာသက်ပန်ပိတ်သိမ်းခဲ့သည့် ပြည်ပ အလုပ်သမားအေဂျင်စီများ၏ အာမခံကြေးကျပ် သိန်းတစ်ထောင်(၁၀၀၀) ကို သိမ်းယူလိုက်ကြောင်းသိရသည်။

ပိတ်သိမ်းခံရ‌သော ပြင်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ၏ အာမခံကြေး ကျပ်သိန်း တစ်ထောင်ကို ပြန်လည်ထုတ်ယူခွင့်မရှိဘဲ ယခုဘဏ္ဍာနှစ် ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော် ဘဏ္ဍာအတွက် ပေးသွင်းရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ယနေ့ ဇူလိုင် ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

” အခုကာလမှာ လိမ်တဲ့ကုမ္ပဏီတွေလည်းရှိပေမယ့် တရားဝင်တွေက မလိမ်ရဲဘူး။ အဲဒီလို ရင်းထားရလို့ အခုဘယ်ကုမ္ပဏီတွေပါလဲမသိသေးဘူး။ ကျွန်တော်မတွေ့မိဘူး။ မနှစ်က လည်း အေဂျင်စီ ၂၀ ကျော်ပိတ်သိမ်းခံရတယ်။ တချို့ကုမ္ပဏီတွေက လိုင်စင်လျှောက်ဖို့ပဲ ဘဏ်မှာငွေကြေးရှိတယ်လို့အပြလုပ်တာမျိုးရှိတယ်။ ငွေတကယ်ထည့်ထား ရတာလည်းရှိတယ်”ဟု ပြင်ပအကျိုးဆောင်အေဂျင်လုပ်သူ တစ်ဦးက ဧရာ၀တီတိုင်းမ် ကို ပြောသည်။

ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေတွင် အကျိုးဆောင်များစည်းကမ်းဖောက်ဖျက်ခြင်း၊ အလုပ်အကိုင်ရှာဖွေသူအတွက်ဖြစ်စေ၊ အလုပ်သမားအတွက်ဖြစ်စေ ဆောင်ရွက်ပေးရန် တာဝန်ယူထားသည့်အတိုင်း မဆောင်ရွက်ခြင်း၊ သတ်မှတ်ထားသည့် ဝန်ဆောင်ခထက် ပိုမိုတောင်းခံခြင်း စသည့်ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားသည်။

ထို့ပြင် လိုင်စင်ရုတ်သိမ်းခံရပါက ရက်ပေါင်း ၆၀ အတွင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးထံ အယူခံနိုင်ပြီး အလုပ်သမားဝန်ကြီးဆုံးဖြတ်ချက်သည်အတည်ဖြစ်ကြောင်း ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေတွင်ပြဋ္ဌာန်းထားသည်။

စစ်တပ် အာဏာသိမ်းမှုကြောင့် ပြည်တွင်းရှိလူငယ်လူရွယ်များ ပြင်ပထွက်ခွာ အလုပ်ကိုင်မှုများလာပြီး နောက်ပြင်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီလုပ်ကိုင်မှု များလာကာကုမ္ပဏီ ၅၆၅ ခုရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ၂၀၂၄ ဇွန်လ အထိစာရင်းများအရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ပြင်ပအလုပ်သမားအေဂျင်စီ #စစ်ကောင်စီ #အာမခံငွေ #ကျပ်သိန်း၁၀၀၀ #စစ်ကောင်စီသိမ်း #Ayeyarwaddy_Times