
ဟိန်းစံ/ဧရာဝတီတိုင်းမ်
(တိုက်ကြီး)၊ သြဂုတ်လ ၉ ရက်
NUG ငွေတိုက်စာချုပ်ဝယ်ယူတယ်လို့စွပ်စွဲခံရတဲ့ ရန်ကုန် တိုင်း၊တိုက်ကြီးမြို့နယ်အခြေစိုက် အမှတ် ၁၁ ကာကွယ် ရေးပစ္စည်းစက်ရုံ(ကပစ-၁၁)တပ်က ဗိုလ်ကြီး ဝင်းကိုကိုအုန်း ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းက ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရတယ်လို့ ကပစ ၁၁ တပ်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ဗိုလ်ကြီး ဝင်းကိုကိုအုန်းကို အမျိုးသားညီညွတ်ရေး အစိုးရ – NUGထံမှ ငွေတိုက်စာချုပ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ သူ့ရဲ့လက်ကိုင်ဖုန်းထဲ တွေ့ရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က စွပ်စွဲဖမ်းဆီးထားတာဖြစ်ပါတယ်။
အဲ့ဒီလိုဖမ်းဆီးပြီးတဲ့နောက် ဗိုလ်ကြီး ဝင်းကိုကိုအုန်းကို ”အကျဥ်းစစ်တရားရုံးနည်း” နဲ့ စစ်ခုံရုံးဖွဲ့စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တာလို့ တပ်တွင်းသတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
” သူ့ကို အကျဥ်းနည်းနဲ့စစ်ပြီး ထောင် ၇ နှစ်ချလိုက်တယ်။ ထောင်ပို့ဝရမ်းနဲ့ပို့လိုက်ပြီလို့သိရတယ်။ အင်းစိန်ထောင်ဘဲဖြစ်မယ်ထင်တယ်” လို့ ကပစ ၁၁ တပ်တွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။
ဗိုလ်ကြီး ဝင်းကိုကိုအုန်း ဟာ တပ်တွင်းသတင်းတွေ ပြင်ပကိုပေးပို့နေတဲ့ တွပ်တွင်း ဖရဲသီးလို့လည်း စစ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာ စွပ်စွဲရေးသားခဲ့ပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်။
ဗိုလ်ကြီး ဝင်းကိုကိုအုန်းဟာ စစ်နည်းပညာတက္ကသိုလ် ( DSTA ) အပတ်စဉ် – ၁၄ ဆင်းအရာရှိတဦးဖြစ်ပြီး စစ်ကောင်စီတပ်မှာ ၁၁ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်တယ်လို့သိရပါတယ်။