
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ သြဂုတ်လ ၉ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့၊အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံတံတားတွင် ဆိုက်ကပ်ထားသော ငါးဖမ်းလှေ သုံးစီးမှာ ယမန်နေ့ နေ့လည် ၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ယမန်နေ့သြဂုတ် ၈ ရက် နေ့လည် ၁ နာရီခွဲခန့် အချိန်မှစ၍ ထက်ထက်ပိုင်-ငါးဖမ်းစက်လှေမှစပြီးမီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ယင်းနောက် အနီးတွင်ဆိုက်ကပ်ထားသောအခြားငါးဖမ်းလှေ နှစ်စီးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကယ်ဆေးရေးအဖွဲ့ဝင်များက ဆိုပါတယ်။
” မီးလောင်ရခြင်းအကြောင်းရင်းကတော့ ငါးဖမ်းစက်လှေထွက်ခွာဖို့ မီးလိုင်းများပြုပြင်နေစဥ် လျှပ်စစ်ဝါယာရှော့ဖြစ်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ထို့နောက် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းကာ မီးသတ်ယာဥ် ၈ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နေ့လည် ၂နာရီခွဲခန့်အချိန်မှာ မီးကိုငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့ဝင်များထံမှ သိရပါတယ်။
အဆိုပါမီးလောင်မှုဖြစ်စဥ်ကြောင့် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်နေ ၃၅ နှစ်အရွယ် ကိုဇင်လင်းထွန်းမှာ မီးလောင်ဒဏ်ရာကြောင့်သေဆုံးခဲ့ရပြီး ရွှေမင်းဝံရပ်ကွက်နေ ဦးအောင်ကျော်မိုးမှာခြေနှစ်ဖက်မီးလောင်ဒဏ်ရာ၊ အေးရိပ်ငြိမ်ရပ်ကွက်နေ ၂၇ နှစ်အရွယ် ကိုပိုင်စိုးမှာ ခြေနှစ်ဖက်နှင့် ဦးခေါင်းမီးလောင်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ ၂ ဦးစလုံး ဒဏ်ရာပြင်းထန်၍ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။
ထို့အပြင် သီရိမြိုင်ရပ်ကွက်နေ ကိုမိုးဆွေ နှင့် သရက်ချောင်းမြို့နေ ကိုသိန်းနိုင်ဝင်းတို့မှာ ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ကော့သောင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က ဆိုပါတယ်။
ယင်း ငါးဖမ်းစက်လှေသုံးစီးစလုံးကို ကော့သောင်းမြို့ ကမ်းနားလမ်း အဏ္ဏဝါရပ်ကွက်က မြို့ခံတစ်ဦးတည်းပိုင်ဆိုင်ပြီး မီးလောင်မှုကြောင့် ကျပ်သိန်း ၃၀၀၀ ခန့် ပျက်ဆီးဆုံးရှုံးနိုင်တယ်လို့ မီးသတ်ဌာနက တာဝန်ရှိသူတွေရဲ့ ခန့်မှန်းပြောဆိုချက်များအရ သိရပါတယ်။