ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ ဇူလိုင် ၅ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်မြို့အနောက်ပိုင်းတွင် တိုက်ပွဲကာလအတွင်း စစ်‌ကောင်စီတပ်က ဘဏ်များမှနေ၍ ကျပ်သိန်းပါင်းနှစ်သောင်း (၂၀၀၀၀) ဝန်းကျင် တန်ဖိုးရှိ ငွေသားများနှင့် ကျောက်မြတ်ရတနာများကို ယူဆောင်သွားခဲ့ကြောင်း ယနေ့ ဇူလိုင် ၅ ရက်တွင် တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်သည်။

မိုးကုတ်မြို့အနောက်ပိုင်းရှိ စစ်ကောင်စီစခန်းများကို TNLA ပူးပေါင်းအဖွဲ့က စခန်းသိမ်း တိုက်ခိုက်ခဲ့စဥ် စစ်ကောင်စီတပ်သားများသည် မိုးကုတ်မြို့အနောက်ပိုင်းရှိ KBZ ဘဏ် (ကမ္ဘောဇဘဏ်) နှင့် CB ဘဏ် များအတွင်းသို့ ထွက်ပြေး ပုန်းအာင်းခဲ့ ပြီးနောက် ငွေသားနှင့်ကျောက်မြတ်ရတနာများ ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပုန်းအောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းခဲ့ရာ အလောင်းတစ်လောင်းစီ၏ ကျောပိုးအိတ်များအတွင်းမှ ငွေသားသိန်းငါးဆယ်နှင့် ကျောက်မြတ်ရတနာများ‌ တွေ့ရကြောင်းသိရသည်။

ထို့ပြင် မိုးကုတ်မြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် တပ်မ(၉၉) ၊ ခလရ-၈၈၊ ခလရ-၇၈၊ ခလရ-၁၄၈ တပ်ရင်း နှင့် မိုးကုတ်ဗျုဟာတို့မှာလည်း တိုက်ပွဲကာလအတွင်း KBZ Bank နှင့် CB Bank တို့မှ ငွေကျပ်သိန်းပေါင်း ၂၀၀၀၀ ဝန်းကျင်ရှိ ငွေသားနှင့် ကျောက်မြတ်ရတနာများကို ဖောက်ထွင်းယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၂၅ရက်နေ့မှ စတင်ကာ တအာင်းတပ်မတော်(TNLA)၊ မိုးကုတ်ဗျူဟာ၊ PDF (513)နှင့် ပကဖ(မိုးကုတ်)တို့ ပူးပေါင်း၍ မိုးကုတ်မြို့ အနောက်ပိုင်းရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့ပြီး ဇွန် ၃၀ ရက်နေ့တွင် မိုးကုတ်မြို့ အနောက်ပိုင်းကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြာင်း သိရသည်။

ဓာတ်ပုံ – TNLA
#မိုးကုတ် #TNLA #KBZ #CB #Bank #စစ်ကောင်စီဖောက်ထွင်း #ငွေသားယူဆောင် #Ayeyarwaddy_Times