
ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က စစ်မှုအငှားထမ်းဆောင်ရမည့်သူများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ အိမ်ထောင်စုအလိုက် ငွေကြေးအချိုးကျ တောင်းယူမှုများပြုလုပ်နေကြောင်း ဒေသခံများ ထံက သိရသည်။
စက်လှေစက်ပစ္စည်းရှိသည့်နေအိမ်များကို ငါးသောင်း(၅၀,၀၀၀)ကျပ်၊ စစ်မှုထမ်းရန် ဆောင်ရန် အမည်စာရင်းပါရှိသည့်နေအိမ်များကို နှစ်သောင်း (၂၀,၀၀၀)ကျပ်၊ အခြေခံ လက်လုပ်လက်စားသမားများ၏ နေအိမ်များကို တစ်သောင်းခွဲ(၁၅,၀၀၀)ကျပ် ဟူ၍ အသီးသီးသတ်မှတ်ထားပြီး ယနေ့ ဇူလိုင်လ ၅ ရက်နေ့တွင် အပြည့်အစုံပေးရမည်ဟု ဒေသခံများကဆိုသည်။
“စစ်မှုထမ်းမယ့်သူမရှိလို့ အငှားထည့်ရမယ်ဆိုပြီးပိုက်ဆံကောက်တာ။ နယ်တွေကို ရှောင်နေတဲ့ လူငယ်တွေကိုလည်း ပြန်ခေါ်လို့ရတယ်။ ပိုက်ဆံထည့်လိုက်ရင် စစ်မှုထမ်း ဖို့အတွက် ဘာမှစိုးရိမ်စရာမရှိတော့ဘူးဆိုပြီး အုပ်ကြီးနဲ့အဖွဲ့တွေက စည်းရုံးနေ ကြတာ”ဟု ငရုတ်ကောင်းမြို့ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ငရုတ်ကောင်းမြို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းသည် သဲဖြူကျေးရွာတွင်နေထိုင်းပြီး ၎င်းနှင့်အတူပူးပေါင်းကာငွေတောင်းနေသည့် ဆယ်အိမ်မှူး ဖြစ်သူမှာ ကျောင်းအုပ်ဆရာအငြိမ်းစား ဦးသန်းခင်ဖြစ်ပြီး ကနစိုးကုန်းကျေးရွာတွင် နေထိုင်ကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် ၃တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ အများစုကို စစ်မှုထမ်းဆောင်ရန် စာရင်းများထည့်ပေးနေ ကြောင်း စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်းအကြောင်းပြကာ ဒေသခံပြည်သူများကို ခြိမ်းခြောက်၍ ငွေတောင်းယူမှုများနှင့် စစ်မှုထမ်းရန် ဆန့်ကျင်သူများကို ဖမ်းဆီးချုပ်နှောင် မှုများပြုလုပ်လျှက်ရှိသည်။
ယခု စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃) အတွက် စစ်သင်တန်းတက်ရောက်ရန် စစ်သားသစ်ခေါ်ယူရာတွင် ယခင်နည်းအတိုင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များက အနိုင်ကျင့် ခြိမ်းခြောက်မှုများပြုလုပ်၍ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ဆင်းခဲ့ကြသည့် သင်တန်းဆင်းများကို ရှေ့တန်းသို့ ပို့ဆောင်ရန် ကြိုတင်စီမံ၍ လျှို့ဝှက်ညွှန်ကြားခဲ့ကြောင်း နေပြည်တော်ရှိ တပ်တွင်းသတင်းရစ်မြစ်ထံက သိရသည်။
စစ်ကောင်စီသည် ၎င်းတို့တပ်များတွင် စစ်မှုထမ်းဆောင်ရန်အတွက် နည်မျိုးစုံဖြင့် လူငယ်များကို စုဆောင်းလျှက်ရှိပြီး ပြီးခဲ့သည် ဇွန် ၂၇ ရက်နေ့က စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃) သင်တန်းကိုထပ်မံဖွင့်လှစ်ခဲ့သည်။
#ငရုတ်ကောင်း #စစ်မှူအငှားထမ်းဆောင် #ထောက်ပံ့ပေးရမည် #အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ #ငွေကြေးတောင်းယူ #Ayeyarwaddy_Times