ဧရာဝတီတိုင်းမ်
ဇူလိုင် ၅ ရက်

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်ရေကြီးရေလျှံနေသော ဗန်းမော်မြို့နယ်ရှိ စင့်ကင်ရွာကို ဇူလိုင် ၄ ရက်နေ့ညတွင်စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့်ယနေ့( ဇူလိုင် ၅ ) ရက်နေ့တွင် ဒေသခံပူးပေါင်းတပ်ဖွဲ့များက စကခ ၂၁ ကို ရှော့တိုက်ဒုံးဖြင့်ပြန်လည်ပစ်လိုက်ကြောင်းသတင်းရရှိသည်။

စစ်ကောင်စီ၏ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရက်လည်ဆွမ်းသွပ်နေသည့်နေအိမ်ပေါ်ကျရောက်ပြီး လူထိခိုက်ခြင်းမရှိသော်လည်း‌ နေအိမ်များပျက်စီးသွားကြောင်း ဗန်းမော်မြို့ရှိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ဒီနေ့က စကခ ၂၁ ရဲ့ မွေးနေ့လို့သတင်းရထားတယ်။ Stage show တွေနဲ့ စစ်တပ်အသိုင်းအဝိုင်းပဲ ကျင်းပမယ်လို့ ကြားတယ်။ အဲဒါနဲ့သူတို့ဆီကိုပစ်ခတ်တိုက်ခိုက်လိုက်တာပါ။ ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ လက်နက်ကြီးနဲ့ လည်းပစ်တယ်။ ပြီးတော့ သူတို့ရမ်းသမ်းပြန်ပစ်ခတ်တာရှိတယ်။ ၁၅ မိနစ်နဲ့ မိနစ် ၂၀ လောက်မှာ ရေမြုပ်နေတဲ့စင့်ကင်ရွာကို လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဗန်းမော်မြို့ရှိအင်အားကြီးစစ်တပ်ဗျူဟာကုန်း စခက (၂၁) ပစ်ခတ်ခံရပြီးနောက် မြို့ထဲတွင်လုံခြုံရေးအများအပြားချထားပြီးကမ်းနားလမ်းတစ်လျှောက်စစ်ဆေးခြင်းများရှိကြောင်းသိရသည်။

“သူတို့က ရေကြီးတဲ့နားမသွားဘူး။ ရေမကြီးတဲ့နားမှာ စောင့်ပြီးကြည့်နေတယ်” ဟု ဒေသခံကာကွယ်တစ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်းစစ်ရေးငြိမ်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက်က လှုပ်ရှားမှုမရှိသော်လည်းစစ်ကောင်စီဘက်မှ ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်လျှက်ရှိကြောင်းသိရသည်။

လက်ရှိဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်တွင်တည်ရှိနေပြီး ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ပေးရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ – ဒေသခံကာကွယ်ရေးအဖွဲ့၊ လူမှုကွန်ရက်
#ဗန်းမော် #စင့်ကင်ရွာ #လက်နက်ကြီးပစ်ခံရ
#ဧရာဝတီမြစ်ရေတက် #Ayeyarwaddy_Times