
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၅ ရက်
မြန်မာ့လက်ဝှေ့ ဂန္ထဝင်ဖိုက်တာ စိုးလင်းဦးဟာ ဒီကနေ့ည ၇ နာရီမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းတဲ့ ONE Chanpionship ပြိုင်ပွဲမှာ ထိုင်းဖိုက်တာ ပွန်းဆီရိကို အလဲထိုးနဲ့အနိုင်ယူခဲ့ကြောင်း သိရပါတယ်။
စိုးလင်းဦးဟာ ထိုင်းဖိုက်တာကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ထိုင်းဖိုက်တာ ပွန်းဆီရိဟာ စိုးလင်းဦးကို မေးရိုးကိုကန်ပြီး အနိုင်ယူပြမယ်၊ စိုးလင်းဦးကို ရှုံးခဲ့ရင် ကစားသမားဘ၀က အနားယူမယ်လို့ အစောပိုင်းမှာ စကားစစ်ထိုးပြီး လေကျယ်နေခဲ့ပါတယ်။
ပွဲထိုးဖို့ ပေါင်ချိန်တဲ့အခါမှာလည်း စိုးလင်းဦးထက် ၅ ပေါင်ပိုနေခဲ့လို့ ONE Championship ဟာ ဘန်တန်ဝိတ်တန်းကနေ ကတ်ဝိတ်တန်းကို ပြောင်းလဲစီစဉ်ပေးခဲ့ရပါတယ်။
စိုးလင်းဦးဟာ ၅ ပေါင်အကျောပေးထားတဲ့ ထိုင်းဖိုက်တာ ပွန်းဆီရိကို ထိုင်းမြေ၊ ထိုင်းပရိတ်သတ်ရှေ့မှာ ပင့်လက်သီးချက်နဲ့ အလဲထိုး အနိုင်ယူခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ အလဲထိုးနိုင်ပွဲကြောင့် ONE Championship ဟာ စိုးလင်းဦးကို အပိုဆုကြေး ဘတ် ၃ သိန်း ၅ သောင်း (မြန်မာငွေ သိန်း ၄၀၀ ခန့်) ချီးမြှင့်ခဲ့ပါတယ်။
ဒါ့အပြင် စိုးလင်းဦးကိုလည်း ဒေါ်လာ ၁ သိန်းတန် စာချုပ် ချုပ်ဆိုသွားမယ့်အကြောင်း ONE Championship က ကြေညာခဲ့ပါတယ်။
ရိုးရာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးဟာ ONE Championship ရဲ့ Friday Night မွေ့ထိုင်းပြိုင်ပွဲမှာ ဂျပန်၊ ပေါ်တူဂီနဲ့ ထိုင်းဖိုက်တာ ၃ ယောက်ကို အလဲထိုး ၃ ပွဲဆက်တိုက် အနိုင်ယူတဲ့မှတ်တမ်းကောင်းကို စိုက်ထူထားပါတယ်။
Photo – ONE Championship
#Ayeyarwaddy_Times #စိုးလင်းဦး #ပွန်းဆိရိ