ဧရာ၀တီတိုင်းမ်
ဇူလိုင် ၆ ရက်

မနေ့က မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ စပိန်အသင်းက အိမ်ရှင် ဂျာမနီအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။

ဒီကနေ့ပွဲစဉ်မှာ ၂ သင်းစလုံး လူစုံထုတ်၊ ခြေကုန်ထုတ်ကစားခဲ့ကြလို့ ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။

အိမ်ရှင်ဂျာမနီကစားသမားတွေဟာ စပိန်အသင်းကို ခပ်ကြမ်းကြမ်း လူချကစားခဲ့လို့ ပထမပိုင်းမှာ စပိန် ကွင်းလယ်လူ ပက်ဒရို၊ ဒုတိယပိုင်းမှာ ကွင်းလယ်လူ ဖာဘီယံ ရူးစ်တို့ ဒဏ်ရာရကာ လူစားလဲခဲ့ရပါတယ်။

ဒါ့အပြင် တခြားသော ဥပဒေပြင်ပ ကြမ်းတမ်းစွာကစားခဲ့မှုတွေက ဂျာမနီအသင်းကို အတော်လေး အရုပ်ဆိုး အကျဉ်းတန်စေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ စပိန်ကလည်း ပြန်ကြမ်းခဲ့တာကြောင့် ပွဲချိန် မိနစ် ၁၂၀ အတွင်း အဝါကတ်တွေ ပလူပျံခဲ့ပြီး ပွဲကြမ်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒိုင်လူကြီး အန်တိုနီတေလာဟာ အဝါကတ် ၁၇ ကတ်၊ အနီကတ် ၁ ကတ် အသုံးပြုပြီး ပွဲကို ထိမ်းခဲ့ရပါတယ်။

ဒုတိယပိုင်း ၅၁ မိနစ်မှာ ညာခြမ်းက တောင်ပံလူ ယာမင်လာမယ် ချပေးတဲ့ဘောလုံးကို ကွင်းလယ်လူ အော်လမို ဧရိယာထိပ်က ကန်သွင်းပြီး စပိန်အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ချေပဂိုးရဖို့ ဂျာမနီအသင်း တိုက်စစ်မှူးအကုန် ပစ်ထည့်ပြီး တိုက်စစ်မြှင့်ကားခဲ့ရာမှာ ပွဲချိန် ၈၉ မိနစ်မှာ ကင်းမစ်ချ် ချပေးတဲ့ဘောလုံးကို တောင်ပံကစားသမား ဝင့်ခ်က ကန်သွင်းပြီး ဂျာမနိအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

မိနစ် ၉၀ အတွင်း သရေကျနေလို့ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရာမှာ နှစ်သင်စလုံး အပြန်အလှန်ထိုးဖောက် ကစားခဲ့လို့ ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဂျာမနီအသင်းကန်ချက် စပိန်ပယ်နယ်တီဧရိယာထဲမှာ နောက်ခံလူ ကူကူရယ်လာ လက်နဲ့ထိခဲ့ပေမယ့် ဒိုင်လူကြီးက ပယ်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပွဲပြီးခါနီး ၁၁၉ မိနစ်မှာ တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ အော်လမိုရဲ့ သေသပ်တဲ့ဖြတ်တင်ဘောကို စပိန် နောက်ခံလူ မိုရီနိုက ဂိုးသမားရဲ့ညာဘက်ထောင့်ကို အပိုင်ခေါင်းတိုက်ပြီး ဂိုးသွင်းယူခဲ့လို့ စပိန်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။

ချေပဂိုးမျှော်လင့်ချက်နဲ့ ဂျာမနီအသင်းဟာ အမြင့်ဘောတွေနဲ့ တောက်လျှောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ ဂျာမနီ တိုက်စစ်ကစားသမား မူဆီယာလာကို အတင်းဆွဲလှဲတဲ့အတွက် စပိန်နောက်ခံလူ ကာဗာဂျယ် ၂ ဝါထိခဲ့ပြီး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပွဲချိန် ၁၂၄ မိနစ်မှာ နောက်ဆုံးရတဲ့အခွင့်အရေးကို ဂျာမနီတိုက်စစ်မှူး ဖူကရက် ခေါင်းတိုက်ခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်ခဲ့လို့ ဂျာမနီတို့ နစ်နာခဲ့ရပါတယ်။ ချေပဂိုး မသွင်းနိုင်တဲ့အတွက် ပွဲအပြီးမှာ စပိန်က အိမ်ရှင် ဂျာမနီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

စပိန်အသင်းဟာ ဂျာမနီကို အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ခဲ့ပေမယ့် အဓိက ကွင်းလယ်လူတွေဖြစ်တဲ့ ပက်ဒရီ၊ ဖာဘီယံ ရူးစ်တို့ ဒဏ်ရာရခဲ့တာ၊ နောက်ခံလူ ကာဗာဂျယ် အနီကတ်ထိတာ၊ တိုက်စစ်မှူး မိုရာတာ ပွဲပယ်ခံရတာ တွေကြောင့် အကြိုဗိုလ်လုပွဲမှာ လူစုံထုတ်ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။

ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ စပိန်အသင်းဟာ ပေါ်တူဂီနဲ့ ပြင်သစ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Photo – Euro 2024
#Ayeyarwaddy_Times #Euro2024