
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၆ ရက်
မနေ့က မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းဟာ ပေါ်တူဂီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပါတယ်။
ဒီကနေ့ပွဲစဉ်မှာ ပေါ်တူဂီဘက်က ရိုနယ်ဒို၊ လီယို၊ ဘရူနို၊ ဆေးလ်ဗားတို့ တွဲလုံးတွေနဲ့ ထိုးဖောက်ခဲ့သလို ပြင်သစ်ဘက်ကလည်း အမ်ဘက်ပေ၊ မူဝါနီ၊ ဂရဇ်မန်း၊ ဒမ်ဘီလီစတဲ့ နာမည်ကျော်တွေ တဖက်နဲ့တဖက် အပြိုင်အဆိုင် တိုက်စစ်ဆင်ကြပါတယ်။

နှစ်သင်းစလုံး ဂိုးကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် နောက်တန်းတွေ ပိတ်ဆို့ဖြတ်တောက်ခဲ့တာ ပေါ်တူဂီ ဂိုးသမား ကော်စတာနဲ့ ပြင်သစ်ဂိုးသမား မိုက်နမ်တို့ နှစ်ဦးစလုံး ကာကွယ်နေခဲ့တာကြောင့် ပွဲချိန် မိနစ် ၁၂၀ အထိ ဂိုးမရှိ သရေကျခဲ့ပါတယ်။
ပယ်နယ်တီအဆုံးအဖြတ် ခံယူရာမှာ ပြင်သစ်အသင်းကန်သွင်းချက် ၅ ခုစလုံး ဂိုးဝင်ခဲ့ပြီး ပေါ်တူဂီဘက်က ဂျာအို ဖီးလစ်ကန်ချက် တိုင်ထိထွက်ခဲ့လို့ ပြင်သစ်တို့ ပယ်နယ်တီ ၅ ဂိုး ၃ ဂိုးနဲ့ ပေါ်တူဂီကို အနိုင်ယူခဲ့ပါတယ်။
ပေါ်တူဂီရဲ့ ဂန္ထဝင်တိုက်စစ်မှူး ရိုနယ်ဒိုနဲ့ နောက်ခံလူ ပီပီတို့ဟာ အသက်အရွယ်အရ လက်ရှိ ယူရို ၂၀၂၄ ပြိုင်ပွဲကို နောက်ဆုံးပါဝင်ကစားခြင်းဖြစ်ပြီး သူတို့ရဲ့ဘောလုံးသမားဘ၀ နေဝင်ချိန်မှာ ယူရိုဖလား ကိုင်မြှောက်ဖို့ မျှော်လင့်ခဲ့ကြတာပါ။ သို့ပေမယ့် ပြင်သစ်ကို ရှုံးနိမ့်ထွက်ခွာခဲ့ရလို့ သူတို့အတွက် ယူရို ၂၀၂၄ ဆုဖလားမျှော်လင့်ချက် အဆုံးသတ် ခဲ့ရပါပြီ။
ပေါ်တူဂီကို အနိုင်ရခဲ့တဲ့ပြင်သစ်ဟာ အကြိုဗိုလ်လုပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပြီး အကောင်းဆုံးခြေစွမ်း ပြသနေတဲ့ စပိန်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
Photo – Euro 2024
#Ayeyarwaddy_Times #Euro2024